ကျွန်တော်ကို ဦးငွေထွန်းက ခေါ်လို့ ရှမ်းပြည်နယ် တောင်ကြီးဘက် ရောက်ခဲ့ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ကြောင်း စတင်ဝန်ခံပါမယ်။ ကျွန်တော်တို့တွေ တောင်ကြီးမြို့ အနီးက ဦးငွေထွန်း နဲ့ ကိုအောင်(တောင်ကြီး)တို့ ကူညီဆောင်ရွက်ပေးထားတဲ့ လယ်သမားအရေးကိစ္စတွေကို ကူညီအပြီးမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ၊ ဆိုက်ခေါင် ကျေးရွာကို ရောက်ဖြစ် ပါတယ်။ ဦးငွေထွန်း ကျွန်တော့်ကို ခေါ်ရခြင်းအကြောင်းက သူနဲ့ ပတ်သက်ဆက်နွယ်သူတွေ အင်တာနက်သုံးတတ် အောင် တတ်နိုင်သလောက် ပြသပေးဖို့ ခေါ်ဆောင်သွားခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်က တော့ ဒီလိုခရီးတွေသွားရရင် ဒေသံတရ ဗဟုသုတရတာကို အမြတ်ပဲလို့ ယူဆပါတယ်။ ကျွန်တော်တို့ တောင်ကြီးမြို့ (၆)မိုင်အကွာမှာ နှစ်ညအိပ်အပြီး နောက်တစ်နေ့ ဆိုက်ခေါင်ကျေးရွာက ကိုခွန်ထွန်းဝင်းနဲ့သူ့ရဲ့မယားညီအစ်ကို နှစ်ယောက် ကျွန်တော်တို့ကိုလာခေါ်ကြပါတယ်။ ကျွန်တော်တို့ ညနေ ၃နာရီကျောက်လောက် သူ့ရဲ့ စလွန်းကားလေးနဲ့ တောင်ကြီးမြို့ ခြောက်မိုင်အကွာကနေ ထွက်သွားတဲ့အခါမှာ ဆိုက်ခေါင်ကို ၇နာရီနီးပါးမှ ရောက်ပါတယ်။ ခရီးကတော့ မဝေးလှပါဘူး။ လမ်းတွေကတော့ သိတဲ့အတိုင်း တောင်ပတ်လမ်းတွေဖြစ်တဲ့အတွက် တစ်လမ်းသွားသာသာပဲ ရှိပါတယ်။ အဲဒီညနေခင်းရဲ့ ထူးခြားချက်ကို ပြောရရင်တော့ မဲနယ်တောင်ဆိုတာကြီးကို ကျွန်တော်တို့ မှတ်တမ်းတင်ခွင့် ရရှိခဲ့ခြင်းပါပဲ။ မဲနယ်တောင်ဟာ ယခင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ခိုအောင်းရာ နေရာဖြစ်သလို တောင်ပေါ်မှာတော့ ဘိန်းအဓိကစိုက်တယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်မှာတော့ ဘုရားဖူးဖို့မပါပါဘူး။ ဒေသခံတွေက သူတို့ဒေသရဲ့ ထူးခြားချက်တွေကို ပြသချင်တယ်။ ဦးငွေထွန်းက ဟိုပုန်းဈေးနေ့နဲ့ တစ်ခါကြုံဖူးထားတဲ့အတွက် နောက်တစ်နေ့ ကျွန်တော်တို့ပြန်ရင် ကျွန်တော့်ကို မြင်တွေ့စေချင်လို့ ဟိုပုန်းဈေးကို ၀င်မယ်လို့ ပြောပါတယ်။ ဒါပေသည့် ကိုအောင်(တောင်ကြီး)၊ ဦးစိုး နဲ့ ကိုခွန်ထွန်းဝင်းတို့ကတော့ ကိစ္စပြီးပြီးချင်း ပြန်ခွင့်ပြုမှာ မဟုတ်ဘဲ သူတို့လိုက်ပို့ရာ ဒေသတွေကို သွားရမယ်လို့ အကြပ်ကိုင်ပါတယ်။ အဓိကတော့ ကိုခွန်ထွန်းဝင်းပါပဲ။ သွားမယ်ဆိုသွားရမယ်။ နေဆိုနေရမယ်။ ဒါမှ သူတို့တိုင်းရင်းသားတွေက သဘောကျတာလို့ ဆိုပါတယ်။ တောင်သူများနှင့် အမှတ်တရ တောင်သူများနှင့် အမှတ်တရ ဒါနဲ့ပဲဗျာ မနက်ပိုင်း ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသားကြီးတွေနဲ့ မြေယာသိမ်းဆည်းခံရတဲ့ ကိစ္စတွေအတွက် စီစဉ်စရာရှိတာ စီစဉ်အပြီးမှာ ကက္ကူစေတီတော်ဘက် ခြေဦးလှည့်ခဲ့ကြတယ်ဆိုပါစို့။ ကျွန်တော်တို့ ဆိုက်ခေါင်ကထွက်တယ်ဆိုရင်ပဲ ရွာနဲ့မလှမ်းမကမ်းမှာ အပေါ်က ကက္ကူသို့ ၊ အောက်မှာ ပအိုဝ်းစာတွေနဲ့ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကလေးကိုတွေ့တယ်။ ဒီလိုနဲ့မောင်းလာရင်း လမ်းက တော်တော်ဆိုးလာတယ်။ ကတ္တရာလမ်းလည်း မဟုတ်ဘူးဗျ။ ဒေသခံတွေသွားလာနေကြ မြေသားလမ်းပါ။ အဲဒီလိုနဲ့ တံတားလေးတစ်စင်း အနီးကိုရောက်လာရာမှာတော့ တံတားလေးကို ပြည်သူ့ဆောက်လုပ်ရေးက ပြုပြင်နေတာမြင်ရတယ်။ တံတားလေးအကျော်မှာ ကတ္တရာလမ်းခင်းဖို့ စီစည်ထားတာတွေ့ရတယ်။ မြေသားလမ်းက တော်တော် ကတ္တရာလမ်းခင်းဖို့လုပ်နေတဲ့ ကျောက်လမ်းကပိုးဆိုး။ အဲဒီလိုကနေ လာလိုက်တာ လမ်းရဲ့ ယာဘက်အခြမ်းမှာ ကန်ရေပြင်အကျယ်ကြီးကိုတွေ့ရတယ်။ ဒါကကန်ကြီးပဲ။ ဘာကန်လဲလို့ ကျွန်တော်ကမေးတာပေါ့။ ဒါက နောင်မွန်အင်းလေးကန်တဲ့ (အင်းလေးကန်ကြီးကို ပြောတာမဟုတ်ပါဘူး။) ရှမ်းဆန်အများဆုံးထွက်ရာ ဒေသဖြစ်တဲ့ နောင်မွန်နဲ့ ဆက်စပ်လျှက်ရှိတဲ့ကန် ဖြစ်ပါတယ်။ အဲဒီကနေမှ ဘေးပတ်လည်တစ်မျှော်တစ်ခေါ်မှာတော့ “ထင်းရှူးတောတန်း ၊ တောင်တန်းကြီးတွေနဲ့ ၀ိုင်းလို့ကာစီးထားတယ် မောမြေအမြင့်မှာ”လို့ပဲ ဆိုရတော့မှာပေါ့။ မြင်ရတဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်လိုက်တိုင်း စိတ်တိုင်းကျတဲ့ပုံရယ်လို့ မရှိဘူး။ ကင်မရာကလည်း ဆပ်ပြာခွက်သာသာရယ်လေ။ အဲရောက်တော့ပါမယ်ဆိုပြီး စေတီတော်လေးကို လှမ်းညွှန်ပြလို့တွေ့ရတယ်ဗျာ။ ဒါနဲ့ပဲ ဓာတ်ပုံတစ်ပုံ လှမ်းရိုက်လိုက်တယ်။ ကားမောင်းတဲ့လူကလည်း ခပ်ကြမ်းကြမ်း ၊ လမ်းတွေကလည်း မကောင်းတော့ လမ်းတွေ အဆင့်မြှင့်တင်ဖို့ လိုအပ်တာတော့ အမှန်ပဲလို့။ လမ်းတွေဟာ ကားနှစ်စီး လွတ်လွတ်လပ်လပ်ရှောင်လို့ ရလောက်တာရယ်လို့ မရှိဘဲ တစ်လမ်းသွားပုံစံလေးကို ကွေ့ရှောင် ၊ ကပ်ရှောင် မောင်းကြရတာပါ။ တောင်ကြီးမြို့ပေါ်က ကိုအောင်ကလည်း လမ်းပမ်းဆက်သွယ်ရေး အဆင့်မြှင့်တင်ပေးမယ်ဆိုရင် ရှမ်းပြည်ဟာ တဟုတ်ထိုးတိုးတက်လာလိမ့်မယ်လို့ မှတ်ချက်ပြုတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဘုရားပရ၀ုဏ်အတွင်းကို ရောက်ခဲ့ပါပြီ။ လှမ်းမြင်လိုက်ရတယ်ဆိုတာနဲ့ အတော်ကို ထူးဆန်းအံ့သြသွားပါတယ်။ စေတီတော်ပေါင်းများစွာကို တည်ထားကိုးကွယ်ထားတာမြင်ရလို့ ကိုအောင်ပြောတဲ့ ရှမ်းပြည်ရဲ့ ပုဂံဆိုတာကို စိတ်ထဲက အသိအမှတ်ပြုလိုက်ပါတယ်။ သူတို့တွေ အရင်ဝင်သွားကြပြီး ကျွန်တော်ဓာတ်ပုံရိုက်ရင်း ကျန်ခဲ့ပါတယ်။ ဘုရားဖူးတွေကို လေ့လာအကဲခတ်ကြည့်တဲ့ အခါမှာ ပအိုဝ်းတိုင်းရင်းသားတွေများပါတယ်။ သစ်ပင်အိုကြီးတွေအောက်မှာ နားနားနေနေ နေကြတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်ဘုရားထဲ လိုက်ဝင်သွားတော့ ကိုအောင်ကို ကျွန်တော်က မေးပါတယ်။ ကိုအောင် ဒီစေတီတော်သမိုင်းစာအုပ်မရနိုင်ဘူးလားလို့။ ၀ယ်လို့ရမယ်ထင်တယ်တဲ့။ လှည့်ပတ်ကြည့်ကြရင်း မ၀ယ်ဖြစ်ခဲ့ပါဘူးဗျာ။ စေတီတော် တစ်ဆူတစ်ဆူတိုင်းမှာ ထူးခြားတဲ့ အနုလက်ယာတွေကို မြင်တွေ့ရမှာပါ။ ဘုရားကို ပြန်လည်ပြုပြင်မွမ်းမံမှု လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်တဲ့ အချိန်မှာ လုပ်ခဲ့ကြဟန် တူပါရဲ့။ ဦးသန်းရွှေအစ စစ်ခေါင်းဆောင် တွေအားလုံးရဲ့ ပြုပြင်မွမ်းမံခြင်း ကဗျည်းကကျောက်စာတွေ တွေ့ရသလို တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ကဗျည်းကျောက်စာတိုင်တွေလည်း တွေ့ရပါရဲ့။ ပင်မစေတီတော်ကြီးက စေတီတော်ငယ်အဆူဆူရဲ့ နောက်ဆုံးမှာ တည်ရှိပြီး စေတီတော်ရဲ့ နောက်ဘက်မှာတော့ နောင်မွန်အင်းလေးကန်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဘုရားဘေးလေးမှာ ပအိုဝ်းတိုင်းရင်း သားတွေ ဈေးရောင်းနေကြတာကိုလည်း သတိပြုမိပါတယ်။ တောဝက်ကြီးတစ်ကောင် (ကျောက်ရုပ်)ကို မြင်တွေ့ရတဲ့အခါမှာ ကိုခွန်ထွန်းဝင်းက ဒီဘုရားဖြစ်တည်လာခြင်းမှာ ဒီဝက်ကြီးကလည်း အဓိကကျတယ်လို့ သမိုင်းအစဉ်အလာရှိတဲ့အကြောင်း ဆိုပါတယ်။ ကျွန်တော်တို့အထဲမှာတော့ သမိုင်းပညာရှင်လည်း မပါ။ ဒီဘုရားနဲ့ ပတ်သက်လို့ လေ့လာထားသူလည်း မပါတဲ့အခါမှာတော့ မျက်မြင်ကိုပဲ ဝေဖန်သုံးသပ်ကြရတာပါ။ ကျွန်တော်တို့ ၀က်ကြီးရဲ့ဘေးကနေ အနောက်ဘက်ကို ပတ်သွားလိုက်တဲ့အခါမှာ ဘုရားအနောက်ဘက် စက်လှေဆိပ်ကနေ စက်လှေနှစ်စီး လူအပြည့်နဲ့ ထွက်သွားတာကို မြင်တွေ့ရပါတယ်။ ဒါက ဘယ်ကိုသွားကြတာလဲလို့ မေးလိုက်တော့ နောင်မွန်ဘက်ကို သွားကြတာလေလို့ ဆိုပါတယ်။ ကျွန်တော်တို့ မနေ့က လာတုန်းကလည်း နောင်မွန် လှေဆိပ်ကိုတွေ့ခဲ့ပါတယ်။ ဒီဘုရားတွေကို လှည့်ပတ်ကြည့်နေရုံနဲ့တော့ မဖြစ်ဘူး။ ဒီစေတီလေးတွေ ဘယ်နှစ်ဆူရှိတယ် ဆိုတာတော့ အတိအကျ သိရမှ ဖြစ်မယ်လို့ စိတ်ကူးရလာပါတယ်။ ကိုအောင် ဒီစေတီတော်အားလုံး ဘယ်နှစ်ဆူရှိလဲ။ ကိုအောင်တော့ သိလောက်ရဲ့လို့ မေးလိုက်တာပါ။ သူက “တောင်သူကွမ်းညက်” လို့ ဖြေပါတယ်။ ကျွန်တော် စဉ်းစားလိုက်မိပါတယ်။ ”လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဆိုသလို သူတို့ကလည်း “တောင်သူကွမ်းညက်” ဆိုတာကို တွက်လိုက်ရင် စေတီတော်အရေအတွက်ရပြီပေါ့ဗျာ။
ကျွန်တော်တွက်ကြည့်လိုက်ပါတယ်။ “တောင် = ၇ ၊ သူ = ၆ ၊ ကွမ်း = ၂ ၊ ညက် = ၃” တောင်သူကွမ်းညက် ဆိုတော့ ၇၆၂၃ ဆူပေါ့ လို့ ပြောလိုက်တဲ့အခါမှာ ဟုတ်ပါတယ်တဲ့။ဒါကတော့ ကျွန်တော်တို့ ရည်စူးမထားဘဲ ရောက်ဖြစ်ခဲ့တဲ့ ကက္ကူစေတီသွား ခရီးစဉ်ကို ကက္ကူစေတီသွား တောလားလို့ ကွန့်လိုက်တာပါ။ သမိုင်းဆိုင်ရာတွေကို အတိအကျမသိတဲ့အတွက်ရော ၊ စာအုပ်ဝယ်မယ်ဆိုပြီး မ၀ယ်ဖြစ်ခဲ့တဲ့ အတွက်ပါ ဒီလောက်ပဲ ရေးနိုင်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
0 comments:
Post a Comment