"ဗုဒ္ဓ မြတ်စွာ သာသနာ ရောင်ဝါ နေထက် လင်းစေသောဝ်"
ကျွန်မ အီးမေလ်မှ တစ်ဆင့် ရရှိခဲ့တဲ့ ဆောင်းပါးလေး တစ်ပုဒ်အား ကျွန်မ Blog ကို လာရောက် လည်ပတ်ပြီး စာဖတ်ကြတဲ့ စာဖတ်သူများ အတွက် မျှဝေ လိုက်ပါတယ်ရှင်။ နိုက်ကလပ် အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ကြီးထားကာ မတင့်မတယ် ပြုလုပ် နေကြတာကို မြင်ရတဲ့ လူငယ်လေး တစ်ယောက်ရဲ့ ခံစားချက်များ၊ ခဲခဲရင်းရင်း ဘ၀နဲ့ရင်းပြီး ပင့်ယူ ပူဇော်ခဲ့ပုံများကို ဖေါ်ကြူးထားပါတယ်၊ အားကျဘွယ်၊ အတုယူဘွယ်၊ သာဓုခေါ်ဘွယ် ကောင်းလှပါတယ်။ အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက် ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာ အလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီ လိပ်ရင်း ဘုရား ဂုဏ်တော်တွေ တတွတ်တွတ် ရွတ်နေရှာတယ်။ သူ့ဘ၀ သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အတွက် ဘုရားသာ အားကိုး ရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက် ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀ အောင်မြင်ဖို့ ချစ်တဲ့သူနဲ့ အတူလက်တွဲပြီး သာယာတဲ့ ဘ၀ခရီး လျှောက်လှမ်း နိုင်ဖို့ ဆိုတဲ့ လူငယ်တို့ သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက် တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက် ကိုယ့် ခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက် တစ်ခု သူ့မှာရှိနေလို့ပါ။
သူ့မျှော်မှန်းချက် ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။ သူအလုပ်လုပ်တဲ့စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ ဆိုင်ကြီးပါ။ အာရှ အစားအစာ မျိုးစုံ ရနိုင်ပါတယ်။ ဂျပန်စာ ဖြစ်တဲ့ ဆူရှီ ဌာနမှာ ရန်မျိုးအောင်က ဆူရှီ လိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တစ်နေ့တော့ အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူ နေချိန်မှာ နိုက်ကလပ် သွားချင်တဲ့ စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူ မဟုတ်တော့လို့ သွားချင်တဲ့ စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့် လို့ရယ် မသိ သွားချင်တဲ့ စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။ မတော်ပါဘူး ဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ် လိုက်နဲ့ ဖြေဖျောက်ဖို့ ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရ မနေနိုင်လောက် အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင် ရှိရင်သွားမယ် ဆိုပြီး ဘယ်သူမှမခေါ် ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။ နိုက်ကလပ် ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ် အဖြစ် ဖန်တီး ပြင်ဆင် လိုက်တာပါ။ ဆိုင်ထဲရောက် သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ် တမ်းတမိပြီး တအံ့တသြ ငေးမော ကြည့်နေမိတယ်။ တဖက် နံရံမှာရှိ နေတဲ့ (၁၀)ပေခန့် ရှိတဲ့ ဘုရား ဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်း မြင်နေကျပါ။ ဆိုင်မှာ အလှအပ အဖြစ် ထားတယ်လို့ပဲ သူနားလည် ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရ လိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာ လှုပ်လှုပ်ရွရွ မြူးတူး ပျော်ပါးနေတဲ့ ကာမ မှောင်တောထဲမှာ သီတင်းသုံးတော် မူနေရရှာတယ်။ လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်းကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့် (၁၀) ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများ ဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မ လေးများက သူတို့ ကိုယ်အလှ သူ့တိုအက တွေနဲ့  ကာမမှောင်ကို မှောင်သည်ထက် မှောင်အောင် ဆွဲဆောင်နေပြန်တယ်။ ဘုရား နောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီ ရောင်စုံ မီးဆလိုက်များက ဘုရား ဦးခေါင်းတော် ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မ လေးများရဲ့ကိုယ်အလှကို မြင်သာအောင် ထိုးပြ နေပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့် ထိုးပြနေသလို စီမံထားလေ သလားတော့မသိ။ ဆင်းတု ကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလ ညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ ရတီ၊ ရာဂါ တို့ညီမ သုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲ ရှိခဲ့ဖူးတယ်။ ဒီအဖြူမလေးတွေက ညတိုင်း လာဖြားယောင်းနေပါလား ” လို့ တွေးထင်တော် မူလေမလားမသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာ ဖြစ်ခဲ့ရပြီ။
ရန်မျိုးအောင်ဟာ မောင်မယ် အစုံများကို တိုးဝှေ့ပြီး ဘုရား အနီးချဉ်းကပ် သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။ စကပ်လေး တိုနန့်နန့်နဲ့ မိန်းကလေးက ဘုရားခုံ ပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့ အရက်ခွက်ကို ကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထားပြန်တယ်။ ဒီထက် ဆိုးတာက မိန်းကလေးက ဘုရားကို ကျောမှီနေပြီး သူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူး နေပြန်တယ်။ ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီး ၀န်းကျင်မှာ ဖြစ်ပျက် နေပုံများကို ကြည့်ပြီး ဒေါသတွေ ချောင်းချောင်း ထွက်မိတယ်၊ ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့ အားလုံးကို မောင်းထုတ် ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊“ခါကျဉ်ကောင် မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ ခါးကမသန်” ဆိုသလို သာမန် အလုပ်သ္မားလေး ရန်မျိုးအောင် ဘာတတ် နိုင်ပါမည်နည်း။ ရန်မျိုးအောင်ဟာ ဘုရား ရုပ်ပွားတော်ကြီးကို ကြည့်ပြီး ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွ ဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်းမွှန် နေတဲ့ အရက်နံ့၊ မျက်နှာတော် တည့်တည့်မှာ တစ်ကိုယ်လုံး နီးပါးပေါ်နေတဲ့ ကခြေသည် မလေးတွေရဲ့တုန်ကာ လှုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ ဒီဝန်းကျင်မှာ နေရရှာတဲ့ ဘုရား ရုပ်ပွားတော်ကြီး ခမျာ စိတ်တော် ဆင်းရဲရှာမှာ ပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနား နေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ် သနားနေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝ ဆန့်ကျင် နေတယ်လေ။ ဘုရား ရုပ်ပွားတော်ရဲ့ မျက်နှာတော်ကို စိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန် ရောက်လာခြင်း မျိုးမဟုတ်၊ လာချင်တဲ့ ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက် လာခဲ့ရတာ။ ဘုရားစောင့် နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်ဖြစ်စေ အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။အမျိုး ဘာသာ သာသနာအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိ သူဟာ တာဝန်ကို သိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုးအောင်ဟာ လူငယ်ပေမဲ့ စိတ်ထား သေးငယ်သူတော့ မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန် အဆင်သင့်၊ သာသနာ အတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမ အမှောင်အတွင်းက ဗုဒ္ဓ ရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့် တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာ တင်ကာ ခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါ ရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့အဓိပတိ စွမ်းအားရှိတဲ့ ဆန္ဒ အလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင်ကို ကျော်လွန်ကာ တောက်ပခဲ့ပေပြီ။
ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစော အလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေး အလာကို စောင့်နေတယ်။ သူဋ္ဌေး ရောက်လာပြီး ခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေး ရုံးခန်းထဲသို့ ၀င်ခဲ့ရာ မခေါ်ပဲနဲ့ ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်း မော့ကြည့်တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ” “အေး-ပြော” “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော် လုပ်ခမယူပဲ တနှစ် လုပ်ပေးပါ့မယ်” ရန်မျိုးအောင်ဟာ သူ့ကြံစည် ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေ လာပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံး ပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာ ရမ်းပြလိုက်တော့  ရန်မျိုးအောင် ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်ခဲ့ရရှာ တော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည် ကိုပင် ကျေးဇူး တင်ရမလို။ ရန်မျိုးအောင်ဟာ အလျှော့မပေး စိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာ အမျိုးသ္မီးထံ ချဉ်းကပ်ပြီး သူဋ္ဌေးကို ကူညီပြောပေးပါရန် အသနား ခံခဲ့တယ်။ မန်နေဂျာကလဲ မဖြစ်နိုင်ကြောင်း နှစ်သိမ့် စကားသာ ပြောတယ်။ ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီ တောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။ တစ်နေ့တော့ မန်နေဂျာကို ပြောမိတယ် “ ဒီဗုဒ္ဓ ရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာ တွေအတွက် အထွတ်အမြတ် ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလို မရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို. ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြု လုပ်နေတာကို မြင်ရတော့ ငါသိပ်စိတ်ဆင်းရဲ ရတယ်။ ” လို့ မအောင့်ပဲ ခံစား မိတဲ့အတိုင်း ပြောချလိုက်မိတယ်။ သူတို့ အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင်ရဲ့ စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေ သွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရား ရှိသူတိုင်း အမှန်တရားကို လက္ခံ ကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင် ရင်ထဲမှာ အနည်းငယ် ပေါ့သွားတယ်။
သူဋ္ဌေးကိုလဲ ပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။ ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခု တိုးခဲ့ပြီ်၊ အလုပ်ကို စောစောလာပြီး ညက မြူတူး ပျော်ပါး သောက်စားကြရင်း ဗုဒ္ဓ ရုပ်ပွားတော်ကြီးပေါ်မှာ တင်ထား ခဲ့တဲ့ အရက်ခွက်တွေ၊ ပေကျန် နေတဲ့ အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ် သွားကြတဲ့ အရက်ခွက် တွေကို သုတ်သင် ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံ သုံးပါးနဲ့ ဘုရားဂုဏ်တော် ကိုးပါးကို အခေါက်ခေါက် အခါခါ ရွတ်ဆိုပြီး ပူဇော် ကန်တော့တယ်၊ ဘုရားကြီးကို ပင့်နိုင်ရပါလို၏ လို့ လည်း အကြိမ်ကြိမ် ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခု ဖြစ်ခဲ့လေပြီ…။ ဒီလိုနဲ့ ရက်တွေ လတွေ ပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင် မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” ( ပြင်းထန်သော ဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ ) ဆိုသည့် အတိုင်း ဘုရားပင့် လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။ “သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲ ပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခ မယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ” ၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီး တောင်းဆို လိုက်တယ်။ သူဋ္ဌေးရဲ့ မျက်နှာဟာ ပထမ အခါလို မဟုတ်တော့လို့ ရန်မျိုးအောင် အားတက်မိ တယ်။ မန်နေဂျာကလဲ ပြောထားလိမ့် မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင် လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီး တစ်ကောင် ရှာပေးပါ” ။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ဝမ်းမြောက်ဝမ်းသာ ကတိ ပေးလိုက်တယ်။ အလုပ် အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော် ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ ဇနီးမောင်နှံ ကလည်း ကူညီရှာပေးတယ်။ လော့စ် အိမ်ဂျလိစ်မှာ ရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ ရောက်ခဲ့ပြီ။ အသိ မိတ်ဆွေ များကိုလည်း ဖုံးဆက် စုံစမ်းတယ်။ စာရေးသူထံ ကိုလည်း ဖုံးဆက်ခဲ့တယ် “ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲ ဘုရား။” “တရုပ် ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့ သူ့မှာမရှိ၊ သိမ်းထား တာလေးတွေ တွက်ချက်ကြည့် လိုက်တော့ သုံးထောင်သာ ရှိပြီးသုံးထောင် လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း တစ်ထောင် လောက်ကုန်လိမ့်မယ်။ လေးထောင်ပင် လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ ကြံသော်လည်း အကြံက မထွက်။ ချေးးဖို့ ငှါးဖို့ဆိုတာလဲ မလွယ်ကူလှ။ ရှိတဲ့ပစ္စည်း ကြည့်ပြန် တော့လဲ ဆွဲကြိုး တစ်ကုံးနဲ့ မော်တော်ကား သာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့ အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှော မွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင် ပေးဆပ်ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ရာ ကားကို ရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရား အတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန် အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကတည်းက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ဒါပေမဲ့ အကျိုးကို သူမမျှော်၊ ကာမအမှောင် အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်း ရောင်းဝယ် တဲ့ ဆိုင်တွေကို သူ့ကား ဈေးနှုန်း စုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေ ပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော် လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင် သိပ်ပျော်သွားပြီ၊ ဘာမှ ပူစရာ မလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့ နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘော ကျလိမ့်မည်။ ရန်မျိုးအောင် ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကို လက်သီးနဲ့ ထိုးပြီး “အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။ နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်း ပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာ ကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည် ဘုရား” လို့ အားပါး တရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေး လာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင် သွားသူလို ရွှင်လန်း တက်ကြွစွာ ၀င်ခဲ့ပြန်တယ်။ တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ” မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ" “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲ လိုချင်တယ်” ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံ လိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။ ရန်မျိုးအောင်ဟာ ဆူရှီဘားမှာ ထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့ စဉ်းစားနေ မိတယ်။ ဆိုင်ပေါင်းစုံ ရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့ နဂါး မရှိဘူး ဆိုတာလဲ သူသိထားပြီး ဖြစ်သား။ ဇာတ်လမ်းကတော့ ပြီးလေပြီ.. ။ ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက် ကြိုးစားချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန် အထပ်ထပ် ရှာကြံ စဉ်းစား ဆင်ချင် မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင် ပေါ်လာတယ်။“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော် တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်” လို့ မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန် တွေ့သလို အရမ်း အားတက်သွားတယ်၊ ဘုရား ဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။ ရန်မျိုးအောင် တစ်ယောက် ဂုဏ်တော် ပေါက်လေမလား၊လူပေါက် နေသူလို့ ထင်ကြလေမလား မသိ၊ တချိန်လုံး ဂုဏ်တော်တွေကို သာရွတ်နေတော့တယ်။ အလုပ်သွား အလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ် ၊ တစ်ခါတရံ အာခေါင်တွေ ခြောက်ပြီး လျှာပင် ပူလာတဲ့ အထိဖြစ်ခဲ့ရတယ်။ ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ် သ္မားသုံးယောက် လုပ်နေရာမှ အခြားနှစ်ယောက် ကို စီးပွားရေး မကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက် တာဝန်ကို တစ်ယောက်တည်း လုပ်နေရ တော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊ အဆူခံရ ပြန်တယ်။ ရန်မျိုးအောင် စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက် ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက် တာကလဲ နေ့စဉ်လို ဖြစ်နေတော့ အလုပ် ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊မဖြစ်သေးပါ၊ ဘုရားကြီးကို ထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါတည်း ပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော် တွေကိုသာ အဖန်ဖန် ရွတ်ပွားနေတော့တယ်။ တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။ တစ်နေ့တွင် သူဋ္ဌေး ရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ် နေရာမှ ထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူးစိုက်စိုက်ပို့ နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီး မဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင်တို့ရဲ အားအကောင်းဆုံး လက်နက်များပင် မဟုတ်ပါလား။ လက်နက်ကောင်း တွေရှိပါလျှက် မသုံး တတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။ နောက်တစ်ပတ်လောက်မှာ ရန်မျိုးအောင်ရဲ့မွေးနေ့ ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကို စောစောလာပြီး ပြုလုပ် နေကြဖြစ်တဲ့ ဘုရား ဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့ လက်တော်ထဲ ကပ်လှူပြီးဝတ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက် အတိုင်း ဘုရားကြီးကို သနား စိတ်တွေ ဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင် တောက်ပနေတယ်လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရား ၀တ်ပြုပြီး အလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ ငါ့များ အလုပ်ဖြုတ်တော့ မှာလားဆိုတဲ့ အတွေးက ပဌမဆုံး ၀င်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ ဘုရား ရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ ကြိုးစားခဲ့ပြီ။ ဘာသာရေး ပြဿနာများ ဖြစ်ပေါ်လာအောင် ဖန်တီး သူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့ နိုက်ကလပ် အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေ ခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ် တာက ဘုရားကြီးကို ငါပင့်လို့ မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီ တောင်းမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင် ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာ အပြစ်ရှိသူ တစ်ယောက်ပါ။ ဒီဆိုင်မှာမရှိသင့် သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင် အသိ၊ သိလို့လည်း မာဖီးယားလို အင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြု လေမလား ဆိုပြီး သတိကြီးစွာနဲ့ နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ် နိုင်တယ်လို့ မျှော်လင့် ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေး ရုံးခန်းထဲ ၀င်ခဲ့ရပြန်တယ်။ ဒါစတုတ္ထ အကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံး စီရင်ချက်များ ဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။ သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်”လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။” “ဟာ-တကယ်လား”ရန်မျိုးအောင် အရမ်းဝမ်းသာ သွားကာ၊ ထခုန်ချင်လောက်အောင် ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေးအား လက်အုပ်ချီကာ “ကျေးဇူးတင် လိုက်တာဗျာ”လို့ လှိုက်လှိုက် လှဲလှဲ ဆိုမိတယ်။ သူဋ္ဌေးက ဆက်ပြောတယ် “ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့် ပေးတာပါ။” လို့ သူ့ဖခင်ရဲ့သဘောထားကို ပါရှင်းပြတော့။ “သြော်- ဟုတ်လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။” ရန်မျိုးအောင် သိလိုက်ပါပြီ၊ ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကို ထိမှန်ခဲ့ပေပြီ။ ဘုရား ဂုဏ်တော်တို့ ရဲ့  အစွမ်း အာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည် မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ ဂုဏ်တော်များ ထုံမွှန်း ထားသူမှာလည်း ကိုယ့်ပမာဏ အလိုက် အောင်မြင်ရမည် မှာမုချ..။ ရန်မျိုးအောင်ဟာ မိမိဘ၀ တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ ဖုန်းဆက်ကာ ရည်မှန်းထားသည့် အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်း လိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွား အလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေး ကသာအဓိက မျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာ ဖြစ်နေတယ်။ ရန်မျိုးအောင်ရဲ့ေ စတနာ သဒ္ဓါ တွေကိုလည်း လေးစား နေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲ ကျန်တော့တာ ပါလား” ရန်မျိုးအောင် အားရပါးရ ရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျ သွားပုံရကာ “ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန် ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန် ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန် ဖြစ်ခွင့် ရခဲပါတယ်ဗျာ။” အရွယ်နဲ့ မလိုက်တဲ့ ရန်မျိုးအောင် စကားကြောင့် ကိုမိုးဝင်း အံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကို ချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲ သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ ကားလဲသွားမရောင်းပါနဲ့၊မင်းလိုတဲ့ ငွေကို ငါတို့ ချေးပေးပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်း လိုက်မိတယ်။ ဇနီးဖြစ်သူ မဘေဘီက အသင့်ပြင်ထားတဲ့ ဒေါ်လာ လေးထောင်ကို ထုတ်ပေးတဲ့အခါမှာတော့ “ အဆင်ပြေချင်တော့လဲ ချောလို့ပါလား”လို့ ရန်မျိုးအောင် ပီတိ ဖြစ်မဆုံးတော့။ ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံးခန်း ထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင် ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့ အလုပ်လုပ် ပေးပါမယ်” ဆိုတဲ့ ကတိ စကားအရ သူဋ္ဌေးအား ခြာက်ထောင် ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏ လာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်က မှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲ ကျတယ်။ မင်းပေး တာက အစွန်း ထွက် လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ်ဗျာ၊ အခုလို ရောင်းပေးတဲ့ အတွက် ခင်ဗျားတို့ မှာလည်း ကောင်းကျိုးတွေ ဖြစ်မှာပါ။ ဖြစ်ပါစေလို့ လည်း ကျွန်တော် ဆုတောင်းပါတယ်။” အလုပ် ကိစ္စအတွက် ဆက်လက် ဆွေးနွေးကြတယ်။ ခြောက်လ အခမဲ့ လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက် ပေးမည်၊ တနှစ်တိတိ လုပ်ပေး ရမည်။ တစ်နာရီ ဆယ့်ငါး ဒေါ်လာဖြင့် လုပ်နေရာမှ ကိုးဒေါ်လာဖြင့် လုပ်ရန် နှစ်ဦး သဘောတူ လိုက်ကြတယ်။ ဘုရားကျွန် ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်လို့ ဘာမျှ အခက်အခဲမရှိ။ ရန်မျိုးအောင်က ကတိတစ်ခု တောင်းဆိုလိုက်တယ်။ နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါနဲ့ ခင်ဗျာ၊ ဒီကတိ လေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။ ”သူဋ္ဌေးက ပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေး သိနေပြီးဖြစ် ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်း တုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူ ကယ်တင် လိုက်နိုင်သလို နောက်နောင် ဘုရား ဆင်းတုတော်များ အတွက်လည်း ကာကွယ် ပူဇော် နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။ ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏ ဘက်ကကြည့်ရင် လက်ငင်း ခြောက်ထောင် ပေးဆပ်ရသည့် အပြင်တစ်နှစ်လုံး အတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့် ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်းထပ်ဆောင်းရ ပြန်သေး.. ။ လူမှုရေးဘက် ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့ အလုပ်မျိုးပြောင်းရွှေ့လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့် တွေ့ခွင့် မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅) နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့ အခြေအနေမို့ မိဘများထံ မပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကို ပိုလွမ်းနေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်း ပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။ ကံများကလဲ ဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲ ကြိုးစားနေတဲ့ အောက်တိုဘာလ ကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန် ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော်အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။ မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်လို့မိဘ တွေ့လိုစိတ်ကို မျိုသိပ် ထားခဲ့ရပြန်တယ်။ ဘုရားကြီး ပင့်ပြီးမှပြန်မယ်ပေါ့။ ခုတော့ ဘုရားကြီး ပင့်နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တစ်နှစ်အတွင်း မိဘများနဲ့ မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင် စိတ်မကောင်းပေမယ့်၊ ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်ေ နရ ပေတော့မယ်…။ “ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးလုပ် ခုမှလုပ်ရတော့တယ်”လို့ပြော လိုက်သေးတယ်။ ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ်။ စာရေးသူ အရှင်ဧသကနှင့် ဘုရားဒါယကာ ကိုရန်မျိုးအောင် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မား အဖြစ်နဲ့ ကျောင်းကို ရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က သူဟာ ဆေးစွဲခဲ့ဖူးသူ..။ ဆူရှီ ဆိုင်ရလို့ ကိုယ်တိုင် ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေက ရွှင်ရွှင်၊ အပေါင်းအသင်း တွေကလဲ များပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ် ဆိုပြီး လွတ်လပ်မှု. တွေကို အလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံ ရောက်လာခဲ့တယ်။ သူ့ကို စောင့်ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်း စွာဖြင့်စွန့်ပယ် နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ် ထားသူလည်း ဖြစ်နေပါပြီ။ ခုတော့ ဘုရား ဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီး ပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့် ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။ ဘုရားကြီး ကလည်း ဘုန်းတော်ကြီး ပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျ ခံပြီး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာ လကမှ ဆောက်ပြီးခဲ့ပါတယ်။ ကြေးညိုရောင် သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့ မဏ္ဍပ်ကြီး အတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော် မူနေပါပြီ။ ငွေများထုပ်ချေး အစစကူညီ ပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီတို့ကို ရန်မျိုးအောင် ကျေးဇူးတင်လွန်း၍ ကန်တော့) မာရ်နတ်ရဲ့ အသင်း အပင်း ကာမအမှောင် အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေ သကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာ ကျောင်းတော် ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။ ဘုရား ဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိ ပစ္စည်း စွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော် စွမ်းအား များကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။ ငွေမချမ်းသာ သော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။ ပြည်ပ နိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ အများကြိး ပေါ်ထွန်းနိုင်ပါစေကြောင်း ။
စာရေးသူ - အရှင်ဧသက
Posted By Shwe Mandalay Nay Min
http://friendsmyanmar.com/ ကနေ ကူးယူဖော်ပြထားပေးတာပါ ဟု အီးမေလ် ရရှိခဲ့ ပါတယ်။

0 comments:
Post a Comment