Download

4:44 AM
0

ကမ္ဘာမှာ . . . မြန်မာဟေ့ ဆိုတာကို အသားထားလို့ အီသီယိုပီးယားအောက် ကမ္ဘာအဆင်းရဲ အမွဲ တေဆုံး စာရင်းထဲကိုတောင် မြန်မာပြည်ရောက်တော့မှာလားလို့ စဉ်စားမိခဲ့တယ်။ မြန်မာပြည်အပေါ်မှာ ကမ္ဘာ့ နိုင်ငံပေါင်းများစွာက အကြွေးတွေကို လျှော်တာတစ်မျိုး ၊ လျော့တာတစ်မျိုး လုပ်ပေးနေတာတွေ တွေ့ရတော့ လည်း ၀မ်းသာရပြန်ရော။ ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုတဲ့ အတိုင်း မဟုတ်တော့ဘဲ မူမမှန်တဲ့ အစိုးရ ကြောင့် တင်ရှိနေတဲ့အကြွေးတွေကို နိုင်ငံသူ နိုင်ငံသားတွေက ၀ိုင်းဆပ်ပေးရ ကောင်းမလားလို့တောင် စဉ်းစား မိခဲ့တယ်။ တကယ်ဆိုရင်တော့ အစိုးရအနေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အကြွေးတင်သည်ဖြစ်စေ ၊ သူတို့အိတ်ထဲ ထည့်တာများပြီး အကြွေးကို နိုင်ငံတော် အနေနဲ့ သတ်မှတ်ထားသည် ဖြစ်စေ နိုင်ငံတော်လို့ ဆိုလိုက်တာနဲ့ နိုင်ငံသား အားလုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမိတယ်လေ။

အဲဒီအတွက် မိတ်ဆွေတစ်ယောက်ကလည်း ပြောဖူးပါတယ်။ အစိုးရအနေနဲ့ မှားယွင်းခဲ့တာတွေ အပေါ် မြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်းရှင်တွေစု ထည့်ဝင်နိုင်သလောက် ထည့်ဝင်ပြီး အကြွေးတွေဆပ်ပေးပါမယ်လို့ ပြောကြရင် မကောင်းဘူးလားတဲ့။ ကောင်းတာပေါ့လို့ ပြောခဲ့ဖူးတယ်။ အဲဒီလိုဆိုပြန်ရင်လည်း အစိုးရက ခွင့်ပြု ဦးမှ။ တော်ကြာ သူ့ကိုသိက္ခာချပါတယ်လို့ ဖြစ်နေပြန်ရင် စေတနာ အလကားဖြစ်ဦးမယ်။ မြန်မာပြည်အကြွေးနွံနစ်တဲ့အပိုင်းကို ခဏထားပြီး နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်းခွင့်ဘက် လှည့်ကြရအောင်ပါ။ အခုအချိန်အထိတော့ နေပြည်တော်အတွက် ဘက်ဂျက်ဘယ်လောက်သုံးပါတယ်ဆိုတဲ့ ကြေညာချက်မျိုး ဘယ်သတင်းမီဒီယာကမှ ထွက်ပေါ်လာခြင်းမရှိသေးဘူး။ ရှင်းလည်း ရှင်းမပြသေးပါဘူး။ ၂၀၀၆ လောက်မှာ တောတွင်းဝင်လာပြီး နေပြည်တော်အဖြစ် စတည်လိုက်တာဟာ ယနေ့အချိန်အထိတော့ မြို့အင်္ဂါရပ်နဲ့ မကိုက်ညီသေးဘူးလို့ ဆိုကြတယ်။ နေလို့ထိုင်လို့တော့ ကောင်းပါတယ်။ လေကောင်းလေသန့် လည်းရပါတယ်။ သွားရေးလာမှုအတွက် ကုန်ကျစရိတ်များတာတော့ ရှိပါတယ်။

 နေပြည်တော်အတွက် ဘက်ဂျက် ရှင်တန်း မထွက်လာသေးသလို ဘယ်သူကမှလည်း ရှင်းချက်ထုတ်ဖို့ ပြောဆိုတာမျိုး မရှိသေးဘူး။ အခုဇိမ်ခံတက်နေကြတဲ့ လွှတ်တော်ကြီးရဲ့ရှော့ကို ပြန်ပြောရရင် သိပ်မထူးဆန်းပါဘူး။ ဦးခင်ညွှန့် ၀န်ကြီးချုပ်အနေနဲ့ ရှိသခိုက် လွှတ်တော်ကြီးကို အေ၀မ်းကုမ္ပဏီက ဆောက်လုပ်မယ်ဆိုပြီး အုတ်မြစ်လာချ သွားပါတယ်။ အဲ . . . အလုပ်သမားလေးတွေကို ထောင်တန်တွေ တစ်ယောက်တစ်ရွက်တောင် ပေးသွားသေး တယ်လို့ ဆိုတယ်။ အဲဒီလွှတ်တော်ကြီး အုတ်မြစ်ချပြီး အပြန် ထောက်လှန်းရေး ရုံးချုပ်ကို သိမ်းပိုက်လိုက်တာ လည်း သမိုင်းထဲက ဖြစ်ရပ်တစ်ခုပါပဲဗျာ။ အဲဒီလိုနဲ့ အေ၀မ်းကုမ္ပဏီလည်း ဆောက်လုပ်ခွင့်မရတော့ဘဲ ရင်းနှီးမြှပ်နှံထားတာတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒါကို ACE ကုမ္ပဏီက ဆက်လက်တာဝန်ယူပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောက်လုပ်ခဲ့ပါတယ်။ အဲဒါမတိုင်ခင် ၀န်ကြီးရုံးတွေဆောက်လုပ်ပါတယ်။ ကြက်ပြေးရွာက နေတက် တောထဲဘက်မှာ ဆောက်လုပ်ခြင်းပါ။ အဲဒီတုန်းက ပုံရိပ်တွေကို ပြန်ပြီး အမှတ်ရနေပါသေးတယ်။ ရုံးတွေက အကြီးကြီးတွေပါ။ ဒါပေသည့် သတ်မှတ်ကာလအမှီ အမြန်ဆောက်လုပ်ရတာတွေ ဖြစ်တဲ့အပေါ်မှာ အရည်အသွေးကတော့ မမှန် ပါဘူး။

ဝန်းကြီးရုံးပေါင်းများစွာကို ကုမ္ပဏီတွေအလိုက်တာဝန်ခွဲဝေပေးပြီး ဆောက်လုပ်စေခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဝန်ကြီးရုံးတွေ တိုးလို့တန်းလန်း ပြီးလုပြီးခင် အချိန်ရောက်တော့မှ ၂၀၀၇ ခုနှစ်နှောင်းပိုင်းမှာ ၀န်ထမ်းအိမ် ယာတွေ စတင်ပါတယ်။ ၀န်ထမ်း အိမ်ယာတွေနဲ့ တစ်ဆက်တည်းမှာဘဲ ၀န်ကြီးဝန်ငယ်အသွယ်သွယ်တို့ အတွက် အိမ်ကြီးအိမ်ကောင်း တစ်ချို့ကို ၀ဘုရားနဲ့ မလှမ်းမကမ်းမှာ တည်ဆောက်ပြီး ရွှေတိဂုံပုံတူဆိုတာက တော့ ၀န်ကြီးရုံးတွေ ၊ ၀န်ထမ်းအိမ်ယာတွေ ၊ သမ္မတအိမ်တော်ယာတွေ ပြီးမှ အမြန်ဖြစ်တည်လာတဲ့ စေတီတော်ကြီး တစ်ဆူဖြစ်ပါတယ်။ နေပြည်တော်ကြီးကတော့ ဖြစ်တည်ခဲ့ပြီ။ ဆောက်လုပ်ထားတဲ့အဆောက်အဦး တစ်လုံးချင်းစီရဲ့ တန်ဖိုးကလည်း တွက်လို့ရမှာပါပဲ။ သမ္မတအိမ်တော်လို ၊ ၀န်ကြီးအိမ်ယာတွေလို ဟာမျိုးတွေအတွက်လည်း သူ့ဟာနဲ့သူ တွက်ချက်ပြီးသားတွေဖြစ်မှာပါ။ အားလုံးမှာ စာရင်းအတိအကျနဲ့ ရှိနိုင်ပေမယ့် ပြည်သူတွေတော့ သိခွင့်မရတာဖြစ်ပါလိမ့်မယ်။ သိခွင့်ရခြင်း မရခြင်းထက် ဒါတွေအားလုံးက အစိုးရစီမံကိန်းတွေဖြစ်တယ် ဆိုတာ တော့ သေချာတယ်။ အစိုးရစီမံကိန်း ဆိုခဲ့ရင် နိုင်ငံတော်ဘက်ဂျက်ထဲကပဲ သုံးရမှာပဲ။ နိုင်ငံတော်ဘက်ဂျက် ထဲက ဘယ်လောက်သုံးသလဲ ဆိုတာကို နိုင်ငံသူ နိုင်ငံသားတွေ သိသင့်ပါတယ်။ အကြွေးတွေ . . .အကြွေးတွေလို့ ပြောရင် ဘာကြောင့်အကြွေးတင်ရတယ်ဆိုတဲ့ ဖြေရှင်းချက်တော့ ရှိမှာပဲလေ။ နေပြည်တော်ကြီးတည်ဆောက်ရာမှာ အသုံးပြုတဲ့ငွေတွေကို အဲဒီအချိန်မှာ အာဏာရှိဆဲ စစ်အုပ်စု အသိုင်းထဲက ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ငွေသားတွေနဲ့ တည်ဆောက်သွားတာလား။ အဲဒီလိုဆိုပြန် ရင်လည်း ဒီမိုကရေစီအင်အားစုတွေဟာ စစ်အစိုးရတည်ဆောက်ပေးထားတဲ့ ခန်းနားထည်ဝါတဲ့ အဆောက် အဦးကြီးတွေပေါ်မှာ အခန့်သား လာထိုင်ကြတယ်လို့ ဆိုရမှာပေါ့။

 နေပြည်တော်တည်ဆောက်နေစဉ်မှာ ရန်ကုန်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ကြည့်မိတယ်။ ရန်ကုန်က ၀န်ကြီးရုံးတွေဆိုလည်း အကောင်းပကတိ ရှိနေဆဲအချိန် ၊ ပြုပြင်တည်ဆောက်လို့ ရနိုင်သေးတဲ့အခြေအနေမှာ ငွေကုန်ကြေးကျ ခံပြီး အသစ်တည်ဆောက်မှုတွေ လုပ်တာတော့ မလိုအပ်ဘဲ ဘက်ဂျက်တွေ အကုန်ခံနေတာ ပဲလို့ မြင်မိတယ်။ နေပြည်တော်မှာ ဆောက်လုပ်ပြီးစီးလို့ ဇိမ်ခံနေကြတဲ့ အဆောက်အဦးတိုင်းဟာ မြန်မာနိုင်ငံ သူနိုင်ငံသားတွေအဖို့ အိမ်မက်တောင် မမက်ရဲတဲ့ ငွေကြေးပမာဏတွေဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ ရုံး အဆောက်အဦးတွေ ၊ စစ်တပ်အဆောက်အဦးတွေ များစွာအတွက် ငွေတွေဓလဟော သုံးစွဲခဲ့တာပါ။ ဒါတောင် ယနေ့အချိန်အထိ မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်သေးဘဲ “အသက်မရှိတဲ့ မြို့” လို့ တင်စားကြတာတစ်မျိုး ၊ ကြက်တွေနေတဲ့မြို့လို့ တင်စားကြတာတစ်မျိုး။ အမျိုးမျိုးဖြစ်ခဲ့တယ်။ အေးရှားဝေါလ်ကုမ္ပဏီက ဆောက်လုပ်သွားတဲ့ (A)နန်းတော် ၊ (B)နန်းတော်ဆိုတာ သောက်ရမ်း ခမ်းနားထည်ဝါ ကြီးမားပါတယ်။ တည်ဆောက်စဉ်ကတည်း လုံခြုံရေးအစောင့်အကြပ်များစွာ နဲ့ တည်ဆောက်ခဲ့ တဲ့နေရာဖြစ်ပါတယ်။ အဲဒီအဆောက်အဦးအားလုံးအတွက် တစ်လုံးချင်းစီအတွက် ငွေကြေးတွေကို အခုချိန်မှာ ထုတ်ပြန်လို့ ရပါပြီ။အဲဒီဟာတွေရဲ့ စားရင်းကို ထုတ်ပြန်လိုက်တာနဲ့ ငွေကြေးပမာဏဟာ ထန်းထောင် ပေါင်းများစွာ ထွက်လာမှပါ။ ဒါတွေဟာ ပြည်သူတွေသိတော့ သိရဲ့ တိတိကျကျ မသိရတဲ့ တင်ရှိနေတဲ့ အကြွေး တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါလိမ့် မယ်။ မြန်မာနိုင်ငံဟာ ကြွေးတွေနစ်နေ တယ်။ ပြည်သူတစ်ယောက်ချင်းစီမှာ အကြွေးဘယ်လောက်ရှိတယ်။ စသည်အားဖြင့် တွက်ကိန်းထုတ်ခဲ့ကြတာတွေ ရှိပါတယ်။

ယခုတစ်လောထွက်ပေါ်လာတဲ့ သတင်းကြောင့် ၀မ်းသာပိတိ ဖြစ်မိတာတော့ အမှန်ပါပဲ။ တခြားသော ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ဂရုဏာသက်စွာနဲ့ တင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပေးခဲ့ပါတယ်။ သူဌေးများ မထင် ရဘူး။ မသိသလို မရှိသလိုပဲနေကြတာ တွေ့ရတယ်။ လျှော်ပေးတဲ့ နိုင်ငံတွေကို ကျုပ်တို့က ကျေးဇူးတင်ရ တယ်။ တခြားသော ကမ္ဘာ့နိုင်ငံတွေက လျှော်ပေးနေချိန်မှာ ကမ္ဘာ့ဘဏ်ကတော့ သာသာကြည်ကြည်မလျှော်ဘဲ စစ်တမ်းကောက်လိုက်တဲ့ အခါမှာ ကျုပ်တို့အတွက် ၀မ်းသာစရာဖြစ်လာပါလေရော။ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ ဒီသတင်းရဲ့နောက်ကွယ်မှာပဲ ဒီငွေတွေကို ဟိုလူပိုင်တယ်။ ဒီလူပိုင်တယ်။ လူပါးဝထားတွေပေါ်ပြီး စသဖြင့်ပေါ့ သတင်းတွေအမျိုးမျိုးထွက်လာတော့တာပါပဲ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့အတူ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်မှုတွေကို အတိုက်အခံနိုင်ငံရေး အင်အားစုတွေကတောင် အသိအမှတ်ပြု ပူးပေါင်းဆောင် ရွက်နေကြချိန်မှာ ဒီငွေတွေအတွက်လည်း ကျုပ်တို့က ဘာလို့ မနာလို တိုရှည် ဖြစ်ရမှာလဲ။ ပြန်တွေးကြည့်ရင် ဒီငွေပမာဏဟာ နည်းတောင်နည်းလိမ့်ဦးမယ်။ မြန်မာပြည်အ၀ှမ်းက သစ်တော ၊ မြန်မာပြည်မြောက်ပိုင်းက တွင်းထွက်ရတနာ ၊ မြန်မာပင်လယ်ပင်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ မြန်မာ့ရေပိုင်နက်ထဲက သားငါးပုစွန် အလုံးစုံကို ချုပ်ကိုင်ပြီး လုပ်ကိုင်ခဲ့ကြတာ သူတို့မို့လို့လား။ အခုလို ကမ္ဘာ့ဘဏ်က ဖွင့်ချပေးလို့ သိရတော့ ကျုပ်တို့နိုင်ငံဟာ အကြွေးတွေပိနေလို့ မဆပ်နိုင်တဲ့ နိုင်ငံမဟုတ်ဘူးဆိုတဲ့ သံသယ ရှင်းမသွားပေဘူးလား။ အဲဒီ ၁၁ ဘီလီယံကိစ္စမှာ အကောင့်က (၅)ခုဖြစ်ကောင်းဖြစ်မယ်။ ရရှိထားတဲ့ ငွေကြေးကတော့ အများပြည်သူပိုင်ကိစ္စတွေကနေ ရထားတာဖြစ်တယ်။ အများပြည်သူပိုင်ဆိုလို့ အဲဒီငွေတွေကို အများပြည်သူ လက်ထဲ ပြန်ထည့်ပါလို့ ဘယ်တော့မှ မပြောအပ်ဘူး။ ဒီငွေတွေနဲ့ အခုကမ္ဘာ့ဘဏ်ကို ပေးစရာ ရှိတယ်ဆိုတဲ့ အမေရိကန် ဒေါ်လာ သန်း ၈၉၀ (ထားပါးတော့ သန်း ၉၀၀)တစ်ဘီလီယံကို ဆက်မယ်။ တခြားနိုင်ငံတွေကို ပေးစရာ ရှိနေသေးတဲ့ အသေးအမွှားလေးတွေကိုလည်း ပြန်ဆက်ပေးလိုက်မယ်ဆိုရင် ကျုပ်တို့ပြည်သူတွေမှာ တင်ရှိနေတဲ့ကြွေးကို အလိုက်တသိ ဆက်ပေးတာပဲ မဟုတ်ဘူးလား။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြင့်ဆက်လုပ်သွားကြမယ်။ သူတို့တွေလုပ်ခဲ့တဲ့ လုပ်ရပ်အမှားတွေအတွက်လည်း တဖြည်းဖြည်း ပြန်ပြုပြင်လာကြပါပြီ။ အတိုက်အခံဘက်က အင်အားနည်းလို့ သာ ကြပ်လို့မရတဲ့ကိစ္စလေးတွေ ရှိနေသေးတာပါ။ အဲဒီအကောင့်(၅)ခုဟာ ဘယ်သူ့ဟာတွေလည်းဆိုတာ ပေါ်ထွက်လာပြီးရင်တော့ အစိုးရပိုင်းအနေနဲ့လည်း ပွင့်လင်းမြင်သာမှု တစ်ခုလုပ်သင့်ပြီ။ ဟုတ်လို့ကျော် ပုတ်လို့ပေါ်ဆိုတာက သမန်ကာလျှံကာ စကားဆိုပေသည့် ကိစ္စတော်တော်များများမှာ လျှို့ဝှက်ချက်တွေ ရှိကောင်းရှိပေမယ့် ပေါ်ရတာပဲ။ ပြည်သူတွေ အတိုက်အခံ လွှတ်တော်အမတ်တွေရဲ့ ရင်ထဲမှာ ကိန်းအောင်နေ တဲ့ ပြဿနာတစ်ခုက ရှိသေးတယ်။ ယခင်အစိုးရဟောင်းလက်ကနေ အာဏာလွှဲပြောင်းရယူပြီး နေရာတွေချိန်း ထားတဲ့ နိုင်ငံတော်ထိပ်သီးပိုင်း ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖွင့်ချပြဖို့။ ဒါတွေဟာ အထင်သေး အမြင်သေး ဖြစ်စေမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ တရားဝင်ကြေညာပါဆိုတာက တရားဝင်ကြေညာပြီးရင် နောက်ထပ် တရား မ၀င် မလုပ်ကြတော့ဖို့လောက်ပဲ။ နောက်နောင် ဒီလိုတွေ လုပ်ဖို့ကလည်း မလွယ်တော့တဲ့အပိုင်းမှာ ယခုအချိန် မှာ အားလုံးကို ဖွင့်ချထားလိုက်တာဟာ အကောင်းဆုံးဖြစ်မှာပါ။ နေပြည်တော်ဖြစ်တည်လာခြင်းရဲ့ အသုံးငွေတွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာပေး ဖို့ လိုအပ်သလို ရယူပိုင်ဆိုင်ထားတာတွေ အားလုံးကို ပွင့်လင်းမြင်သာမှုရဲ့ ပြယုတ်အဖြစ် ရှင်းလင်းပြသင့်ပါပြီ။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူအတွက် ရည်စူးပြီး ဘယ်လိုလုပ်ခဲ့တာပါဆိုတဲ့ ရှင်းလင်းချက်လေးတွေပါရင် အများပြည်သူက လက်ခံဖို့ အသင့်ဖြစ်နေကြမှာပါ။ ဒီအချိန်မှာ ၀မ်းသာရတာတော့ မြန်မာပြည်ဟာ အကြွေး ဆပ်စရာ မရှိလောက်အောင် ဆင်းရဲတဲ့နိုင်ငံတော့ မဟုတ်ဘူး။ နိုင်ငံဘဏ္ဍာငွေတွေဟာ ပုဂ္ဂလိကနာမည်တွေနဲ့ ဖြစ်နေလို့ပါ။ မြန်မာပြည်သူပြည်သား အားလုံးဝမ်သာကြရမှာက ကြွေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုတာ ဒီလိုအခြေအနေမျိုးမှာ ပြောရမှာပါ။ ပြည်သူတစ်ဦးချင်းစီးအပေါ်မှာ တင်ရှိနေတဲ့အကြွေးတွေ မနှေးအမြန် ကင်းရှင်းသွားပါလိမ့်မယ်လို့ ထင်မြင်ယူဆမိကြောင်း . . . . . ဖြင့် . . . . . . နိဂုံးချုပ်ပါတယ်။

 နောင်တော်လေး (ဘိုကလေး) 
(အတွေးရှိတဲ့အတိုင်း ရေးသားတင်ပြပါသည်)

0 comments:

Post a Comment