နေပြည်တော် ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု မကျည်းကုန်းကျေးရွာ နှင့် ဂွေးတောက် ရိုးကျေးရွာမှ တောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများကို ရယူထားသူ ဦးခင်မောင်ဝင်းအား လယ်ယာမြေများ၏ တန်ဖိုးကို ဆွေးနွေးညှိနှိုင်းပေးရန် တောင်းဆိုခဲ့ကြရမှ အမှုဖွင့် တိုင်ကြားခံရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရပြီး ဦးခင်မောင်ဝင်းအနေဖြင့် လယ်ယာမြေများကို ခြံစည်းရိုးကျောက်တိုင်စိုက် သွပ်စူးကြိုး ကာရံခြင်းများကို လုပ်ကိုင်လျှက်ရှိသည်ဖြစ်ရာ တောင်သူများက လုပ်ကိုင်ခြင်း မပြုရန် ယနေ့ ၂၃.၉.၂၀၁၃ ရက်နေ့တွင် သွားရောက်တားမြစ်ခဲ့ကြသည်။ အဆိုပါကိစ္စတွင် လယ်သမားများက လယ်ယာမြေများကို ရယူထားသူ ဦးခင်မောင်ဝင်းအနေဖြင့် လယ်တစ်ဧက ချင်းအလိုက်တန်ဖိုး ၊ ယာတစ်ဧကချင်းအလိုက်တန်ဖိုးကို ရှင်းရှင်းလင်းလင်း ဆွေးနွေးညှိနှိုင်း ပေးရန် တောင်သူများဘက်က နှုတ်အားဖြင့် စတင်ပြောဆိုခဲ့ကြသည်ကို ဦးခင်မောင်ဝင်းဘက်မှ လက်မခံသဖြင့် တောင်သူများက ဌာနဆိုင်ရာများသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့တင်ပြတိုင်ကြားရာတွင် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်း ဥပဒေပုဒ်မ (၂၅)နှင့်အညီ ဆွေးနွေးညှိနှိုင်းရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဦးခင်မောင်ဝင်းက လယ်ယာမြေများအတွင်း ၀င်ရောက်လုပ်ကိုင်ကြသော တောင်သူများကို ဒက္ခိဏမြို့မ(ပေါက်တော)ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ဆိုကာ တောင်သူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
တောင်သူများက ၎င်းတို့ကို အမှုဖွင့်တိုင်ကြားထားစဉ် ဦးခင်မောင်ဝင်းအနေဖြင့်လည်း လယ်ယာမြေများထဲတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ၊ ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးများကို တင်ပြတောင်းဆိုထားသော်လည်း လာရောက်တားစီးပေးခြင်း မရှိသည့်အတွက် တောင်သူများကိုယ်တိုင် ဦးခင်မောင်ဝင်းလုပ်ကိုင်ဆောင်ရွက် လျှက်ရှိသော ခြံစည်းရိုးခတ်ခြင်း အကွက်ရှင်းခြင်း လုပ်ငန်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ထွန်းထက်
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.