Download

1:08 AM
0

 ပြုပြင်ပြောင်းလဲရေးကြီးကို ယုံယုံကြည်ကြည်လက်ခံခဲ့ပေမယ့်လည်း အစဉ်အလာစိုးကြီးလိုဖြစ်နေတဲ့ ပြည်သူအပေါ် မထီမဲ့မြင်ပြုမှုတွေ ၊ အနိုင်ကျင့်စော်ကားမှုတွေ ၊ အထင်သေး အမြင်သေး ရှုံချမှုတွေက တော့ ယနေ့တိုင် ရှိနေဆိုတာကို လက်ခံကြရပါမယ်။ ယခင်ကတော့ သူခိုးအကြီးစားတွေလို ကင်ပွန်းတပ်ကြတဲ့ နိုင်ငံထိပ်သီးတွေရဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုကို မြိန်ရည်ရှက်ရှည် ခံစားခဲ့ကြရတဲ့ ကျွန်တော်တို့ ပြည်သူတွေ ဟာ ဒီမိုကရေစီအပြောင်းအလဲမှာ ကိုယ့်အခွင့်အရေး ကိုယ်ခံစားရတော့မယ်လို့ ယုံကြည်လာကြချိန်မှာ အထက်ပြီးတော့ အောက်ဆိုသလို ပြောရမယ့်ကိန်းနဲ့ တည့်တည့်တိုးနေပါပေါ့လား။ အထက်ကလူတွေ အိပ်ကပ်ကြီးတွေ ပြည့်သွားလို့ ပြောင်းလဲသွားချိန်မှာ အောက်ကလူတွေက အိပ်ကပ် ပြားချပ်ချပ်ပဲ ရှိသေးလို့ ထင်ပါရဲ့။

ကျွန်တော်တို့ရဲ့ ရေးသားတင်ပြမှုတွေဟာ တစ်ဖက်သတ်ဖြစ်နေပြီလား။ နိုင်ငံဝန်ထမ်းတွေရဲ့ မျက်နှာကို မထောက်ထားဘဲ ပြည်သူခံစားရတာတွေကို ပြောနေကြတာလား။ ဒီလိုချည်းပဲလဲ မဟုတ်သေးပါ ဘူး။ ဟိုး အင်္ဂလိပ်လက်ထပ်မှာတောင် မြန်မာဝန်ထမ်းတွေဟာ အင်္ဂလိပ်အစိုးရအတွက် တပြားတချပ် မခိုးမ၀ှက်ဘဲ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြတဲ့ သာဓကတွေ ရှိသလို ယနေ့ခေတ်လည်း ရှိမှာ အမှန်ပါပဲ။ ၀န်ထမ်းတွေအတွက် လိုအပ်ချက်တွေကို ကျွန်တော်တို့ သိနိုင်မယ်ဆိုရင် ဖြည့်စွက်ရေးသားလို့ ရပါတယ်။ ဒါပေမယ့် ၀န်ထမ်းလောကထဲက သတင်းက လွယ်လွယ်ကူကူထွက်မလာဘူး။ အလုပ်ပြုတ်မှာက တစ်ကြောင်း၊ လူကြီး ငြိုငြင်မှာလည်း ထည့်တွက်ကြရတယ်လေ။

အဲဒီတော့ ရေငုံနှုတ်ပိတ် နေကြတာကများပါတယ်။ အများပြည်သူအနေနဲ့ ဘယ်လိုနေရာမျိုးတွေမှာ အဓိကအခက်အခဲဖြစ်ရလဲ ဆိုတာနဲ့ ပတ်သက်ပြီး ချည်းကပ်တင်ပြချင်ပါတယ်။ ပြည်သူတွေအများဆုံး ထိတွေ့ရတာက ကျေးရွာအုပ်ချုပ်ရေး ၊ အဲဒီကနေ တစ်ဆင့်တက်တော့ ရဲ ၊ ပြီးတော့ မြို့နယ် ၊ နောက် ခရိုင် ၊ ထို့နောက် ထို့နောက် တရားရုံး ပေါ့ဗျာ။ ဒီနေရာမှာ ပြောချင်တာက ကျေးရွာလူကြီးဖြစ်ဖို့ သူတို့တွေ ဘယ်လောက် ရင်းနှီးစိုက်ထုတ်ခဲ့ကြရလဲ။ ကျေးရွာလူကြီး ဖြစ်ဖို့ ဆိုရင် ကျေးရွာသူ ကျေးရွာသားတွေ မှန်ပေမယ့် မြို့နယ်အုပ်ချုပ်ရေးနဲ့ကပ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ် အောင် ကြိုးပမ်းရသူတွေလည်း ရှိသကိုး။ နောက်ပြီးတော့ ရဲမှူး ၊ စခန်းမှူးပေါ့။ သူတို့တွေရော ဒီလိုနေရာမျိုး ရောက်လာဖို့ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရလေသလား။ နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေး မှူးတွေကရော . . . . . အများစုကတော့ စစ်တပ်ထဲက ဗိုလ်တွေကို စစ်ရာထူးဖြုတ်ပြီး အုပ်ချုပ်ရေးမှူး လုပ်ခိုင်း တာ မဟုတ်ဘူးလား။ အဲဒီလူတွေ စစ်ပင်စင် စားရလား မစားရလားတော့ ကျွန်တော်လဲ မသိဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်ဖို့နဲ့ နေရာကောင်းကောင်းရဖို့ အတော်များများ ရင်းနှီးစိုက်ထုတ်ခဲ့ကြရလေသလား။ ထို့နောက် တရားသူကြီး။ ဘယ်လောက်များများ အရင်းအနှီးတွေ စိုက်ထုတ်ခဲ့ကြရသလဲ။ မြန်မာ့ဝန်ထမ်းလောက အကျင့်ပျက်ခြင်းအစ ကျေးဇူးတရားကလို့ ကွန့်ပြီး ဆိုချင်ပါတယ်ဗျာ။

ဝန်ထမ်း လုပ်ချင်သူနဲ့ အရာရှိကြားမှာပေါ့။ ၀န်ထမ်းလျှောက်ထားသူက အလုပ်ရပြီးဆိုရင် ကျေးဇူးတရားကို အလိုက်တသိ ဆိုတာမျိုး ကန်တော့တော့တွေ ပေးကမ်းတာတွေရှိတယ်။ အဲဒီကိစ္စမှာ သူတို့ရဲ့ အလိုဆန္ဒ သူတို့ ရဲ့ ပေးကမ်းနိုင်မှုအရ နည်းနည်းလေး ပေးတဲ့သူလည်း ရှိမယ်။ များများပေးတဲ့သူလည်း ရှိမယ်။ အဲဒီလို ပေးကမ်း ပြီး ၀င်ရောက်လာကြတဲ့ ၀န်ထမ်းလောကသားတွေမှာ နေရာကောင်းကောင်းရဖို့ ရာထူးတိုးဖို့အတွက် ဆိုတာတွေမှာလည်း ရှေးနည်းတူ ရင်းနှီးမြှုပ်နှံမှုတွေ ရှိကြပြန်တယ်။ ဘာကြောင့် ရာထူးမြန်မြန်တိုး ၊ နေရာကောင်းကောင်း လိုချင်ကြသလဲ။ လူဆိုတာ တိုးတက်မှုနောက်ကို အမြဲလိုက်နေတဲ့ သတ္တ၀ါဖြစ်တဲ့ အတွက်လို့ ဆိုရင်လည်း မမှားဘူး။ မှန်မှန်ကန်ကန် တိုးတက်တဲ့နည်းနဲ့ တိုးတက်ဖို့တော့ လိုမှာပေါ့။ ပေးကမ်း စွန့်ကြဲပြီး တိုးတက်အောင်လုပ် ၊ နေရာကောင်းကောင်းရရင် ဘာလုပ်ကြမှာလဲလို့ မေးစရာဖြစ်လာတယ်။ အားလုံးကို ခြုံပြောတာတော့ မဟုတ်ပါဘူးဗျာ။ လိုတာတွေ ရှိသလို . . . ပိုတာတွေ ရှိမယ်။ မလိုမပို ချိန်ညှိဖို့တော့ အမြဲတမ်း အဖြေရှာနေကြရမှာပဲ။ ကျေးရွာအုပ်ချုပ်ရေးမှူးက စခဲ့တဲ့ ဆောင်းပါးဖြစ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အပိုင်းကို သာဓကလေး အရင်ထိုးကြည့်ရအောင်။

အခု အစိုးရက တန်ဖိုးနည်းဖုန်းကဒ် တွေ ချထားပေးတဲ့အပိုင်း ကျေးရွာလူကြီးအများစု စားပေါက်တိုးပါတယ်။ ၁၅၀၀ နဲ့ တစ်သိန်းကျော် ဘယ်သူ မလဲဘဲ ရှိပါ့မလဲ။ အမေမှာတဲ့ ဆန်တစ်ခွဲ (၈ပြည်) ၊ သုံးစိတ် (၁၂ပြည်)နဲ့မလဲ ဆိုတာ ဒီလိုနေရာမျိုးမှာတော့ မဖြစ်နိုင်ဘူး။ အများပြည်သူပေါ်က အမြတ်ထုတ်ရမယ့်ကိစ္စဆိုရင်သာ အဖေမှာလိုက်တာပါ ဆိုပြီး အထက်က ခိုင်းတဲ့အတိုင်း လုပ်တဲ့သူတွေပါ။ ဖုန်းကိစ္စနဲ့ ပတ်သက်ပြီး ခရီးသွားခဲ့တဲ့တစ်လျှောက် နေရာတိုင်းမှာ ပြဿနာ တက်တယ်။ ကျေးရွာသူ ကျေးရွာသား အများစုက အုပ်ချုပ်ရေးအဖွဲ့အပေါ် မကျေနပ်တဲ့ အသံတွေချည်းပဲ ကြားရတယ်။ တိုင်စာတွေ တင်ပြကြတယ်လို့လဲ ကြားတယ်။ ဘယ်သတင်းမီဒီယာကမှ ဖုန်းကိစ္စကြောင့် တိုင်ကြားလို့ လူကြီးတစ်ယောက်တော့ အဖြုတ်ခံလိုက်ရတယ်ဆိုတာမျိုး မကြားသေးတာအမှန်။

ဒုတိယအဆင့်တက်တော့ ရဲပေါ့ဗျာ။ ကျွန်တော် ရဲသားလေးတစ်ယောက်ရဲ့ ရင်ဖွင့်စကား ဆိုပြီး သူ့အခက်အခဲလေးကို တင်ပြဖူးပါတယ်။ အခုပြောမှာတော့ စခန်းမှူးအဆင့်ပေါ့။ နေပြည်တော်မှာ ပြဿနာ တက်နေဆဲ မြေယာပြဿနာကို အခြေခံပါတယ်။ အဲဒီမြေယာသိမ်းဆည်းခံရမှုဟာ အစိုးရသစ်က သူ့လက်ထက်မှာ မြေယာသိမ်းဆည်းမှုတွေ မရှိပါဘူးလို့ ဖင်ပိတ်အော်ခဲ့ရင်တောင် အောက်ခြေကကောင်တွေ နှစ်ပေါက်တစ်ပေါက် ရိုက်ထားတာကို သူမသိလိုက်ဘူး။ အဲဒီမြေသိမ်းဆည်းခံရမှုဟာ ၂၀၁၁ကဆိုတော့ အစိုးရ သစ်လက်ထက်ပေါ့ဗျာ။ သစ်တောဌာန အရာရှိတွေနဲ့ ဗိုလ်မှူးဟောင်းတစ်ယောက် ပူးပေါင်းရယူထားတဲ့ကိစ္စ ပေါ့။ ဒီကိစ္စမှာ တောင်သူတွေကို ငွေပေးတဲ့တစ်နေရာမှာ ယာမြေ(ကုန်း)ဖိုးတွေ မပေးဘဲ လယ်မြေဖိုးသာ ပေးထားတယ်။ ယာမြေတွေက သစ်တောပိုင်ဖြစ်တယ်လို့ ပြောပြီး ရယူထားတယ်။ ဒါကို တောင်သူတွေက ကျွန်တော်တို့နဲ့လာတိုင်ပင်တော့ ပြန်လည်ညှိနှိုင်းပေးဖို့ နှုတ် အားဖြင့်တောင်းဆိုကြည့်ပါလို့ အကြံပြုတယ်။ တောင်သူတွေက သွားပြောတော့ ဗိုလ်မှူးဟောင်းက လက်မခံဘူး။ ဌာနဆိုင်ရာတွေကို အဆင့်ဆင့်တင်ပြပြီး တောင်းဆိုတယ်။ ဘယ်သူမှ လာမစစ်ဆေးဘူး။ လာမညှိနှိုင်းပေးဘူး။ အဲဒီကိစ္စက လွှတ်တော်အမတ်တွေရဲ့ လက်ထဲကိုတောင် ရောက်သွားပြီ။ တောင်သူတွေက ဘယ်လိုမှ ညှိနှိုင်းပြောဆိုခြင်းမရှိတဲ့အခါမှာ ကိုယ့်မြေထဲ ကိုယ်ပြန်ဝင်ပြိး ခုတ်ထွင်ရှင်းလင်း ထွန်ယက်တာမျိုး ရှိတယ်ပေါ့ဗျာ။

အရှည်ချဲ့မနေတော့ပါဘူး။ အတိုချုန်းရ ရင်တော့ ဗိုလ်မှူးဟောင်းက သူ့အကွက်ထဲ ကျူးကျော်ဝင်ရောက်ပါတယ်ဆိုပြီး တိုင်တန်းတယ်ဗျို့။ နေပြည်တော် ၊ ဒက္ခိဏ(မြို့မ)ရဲ့စခန်းပေါ့ဗျာ။ တောင်သူတွေကို ဟိန်းဟောက်ခြိမ်းခြောက်ပြီး ပြောလိုက်တဲ့ပုံစံ က စစ်ဆေးတာနဲ့မတူဘဲ တောင်သူတွေ ရှေ့ဆက်မတိုးရဲအောင် ခြောက်လှန့်နေသလိုပဲ။ စခန်းမှူးကြီးရဲ့ အပြောအရ ရယူထားသူမှာ ဘာအပြစ်မှ မရှိဘူး။ ပြဿနာပြန်ရှာတဲ့ တောင်သူတွေရဲ့ အပြစ်သာဖြစ်တယ်ပေါ့။ တောင်သူတွေနဲ့ ရဲစခန်းကို ကျွန်တော်လိုက်သွားတဲ့အခါမှာ တောင်သူတွေကို ပေးထားတဲ့ငွေပမာဏက မုန့်ဖိုး မဟုတ်ဘူးကွတဲ့။ ကျွန်တော် ပြန်မေးကြည့်ပါတယ်။ လယ်မြေတစ်ဧက ၊ ယာမြေတစ်ဧကရဲ့ တန်ကြေး ဘယ်လောက်ရှိမယ်ထင်သလဲပေါ့။ ဟေ့ကောင် . . . မင်းက ငါ့တူ ငါ့သားအရွယ်လောက်ပဲ ရှိတယ်။ ငါက မင်းထက်ပိုသိတယ်တဲ့။ အဲဒါတွေက အခုလို အမြန်လမ်းကြီးဖောက်ပြီးမှ ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းတွေတဲ့။ ဗိုလ်မှူးဟောင်းရယူထားတာ ၂၀၁၁ အမြန်လမ်းကြီးတွေ ဖောက်ပြီးမှ ရယူထားတာကိုတော့ ထည့်မပြောဘူး ဗျာ။ ကျုပ်ကိုလည်း သူက ဒေါသထွက်ပေမပေါ့။ ကျုပ်ကလည်း ဒေါသအလွန်ကြီးတဲ့ကလေး။

ရဲအကြောင်းပြီးတော့ မြို့နယ်မှူး ၊ ခရိုင်မှူးတွေအကြောင်းဆက်ကြစို့ရဲ့။ တောင်ကြီးက တောင်သူတွေ ကိစ္စနဲ့ ပတ်သက်ပြီး ခဏခဏ ဖုန်းတွေ တဂွမ်ဂွမ်ဆက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်လို့ သွားပြန်ပြီ။ ဟောက်ထုတ်လိုက်ပြန်ပြီ။ ခရိုင်က ခေါ်လို့ သွားပြန်ပြီ။ မလိမ့်တပတ်ပြောလိုက်ပြန်ပြီ။ ဒါတွေပဲ ကြားနေရ တယ်။ အဲဒီအသိမ်းခံထားရတဲ့ မြေတွေက ဦးသန်းရွှေအရူးထတဲ့ ကြက်ဆူစီမံကိန်းအတွက် အသိမ်းခံထားရတဲ့ မြေတွေ။ စီမံကိန်း မအောင်မြင်တဲ့အခါမှာ တောင်သူတွေက ပြန်လိုချင်တဲ့အတွက် အရေးဆိုတယ်။ သိပ်ပြီး လက်လွတ်စပါယ်နိုင်တဲ့ အုပ်ချုပ်ရေးတွေက တောင်သူမဟုတ် တဲ့သူတွေကို ပေးထားတယ်။ သူတို့လုပ်ထားတဲ့ ပြဿနာ သူတို့မှန်မှန်ကန်ကန် ပြန်ရှင်းပေးဖို့ စိတ်ကူးမရှိဘဲ တောင်သူတွေကို အကြိမ်ကြိမ်ခေါ် မလိမ့်တပတ် လက်မှတ်တွေထိုးခိုင်း ၊ တောင်သူတွေကလည်း နုံတယ် အတယ် ဆိုပေမယ့် လက်မှတ်ကတော့ အလွယ်မထိုး တော့ဘူး။

 ဟော . . . ဟိုတစ်ပတ်လောက်ကပဲ တောင်သူတွေ ဆိုင်းဘုတ်ထောင်ထားတာနဲ့ ပတ်သက်ပြီး ပြန်ဖြုတ် မပေးရင် ဖမ်းမယ်ဆီးမယ် ပြောသတဲ့။ တောင်သူတွေက လည်း ပြဿနာကို ဖြေရှင်းပေးစေချင်လို့ ထောင်တာ ပေါ့။ မင်းတို့ကို ဘယ်သူက လုပ်ခိုင်းလို့လဲလို့ မေးသတဲ့။ တောင်သူတွေက ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ လုပ်တယ်ပေါ့။ ဒါကိုမဟုတ်ပါဘူး။ မင်းတို့ကို ဘယ်သူအကြံပေးတာလဲ ဆိုတော့ ဦးနေမျိုးဝေ ၊ ဦးငွေထွန်းတို့လို့ တောင်သူတွေကလည်း ပြောတာပေါ့။ အဲဒါကို မြို့နယ်အုပ်ချုပ်ရေးက ဘာပြောသလဲဆို တော့ “မင်းတို့က တောင်ကြီးသားအချင်းချင်းဖြစ်နေတဲ့ ပြဿနာကို သူများက လာပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ် ခိုင်းတိုင်းလုပ်ရမလား”တဲ့။ ပြောသင့်၏ မပြောသင့်၏ စာရှုသူသာ ဆုံးဖြတ်ပါတော့။

တရားရုံးအဆင့် တက်လှမ်းပြီးရင်တော့ ပြုပြင်နိုင်စရာ အချက်ကလေးတွေ သုံးသပ်ကြည့်ကြတာပေါ့။ ကျွန်တော်လဲ တရားအစွဲခံရထားလို့ မင်္ဂလာဒုံမြို့နယ် တရားရုံးကိုသွားတယ်။ လယ်သမားတွေနဲ့ပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း တရားရုံး ရောက်လာတာတွေ့တယ်။ ဘယ်လို ဘာကြောင့် မေးကြည့်တဲ့ အခါကြတော့ သူ့အမဖြစ်သူဟာ သူများလင်မယား ရန်ဖြစ်တာကို လမ်းပေါ်က ထွက်ကြည့်မိရာကနေ ခေါင်းကို သံတူရွင်းနဲ့ အရိုက်ခံရတာ အချက်(၃၀)လောက် ချုပ်ရတယ်။ အဲဒါကို အမှုဖွင့်ထားတယ်။ သူ့အမအရိုက်ခံ ရတဲ့ကိစ္စက မိန်းမသားတစ်ဦးကို နိုင့်ထက်စီးနင်း လုပ်တဲ့ အမှုလည်းဖြစ်တယ်။ ပုဒ်မ(၂၃၅)အရ အာမခံ ပေးလို့ ရတဲ့ အမှုမဟုတ်ပေမယ့် ရဲကအာမခံပေးထားတယ်။ တရားခံရ အေးရာအေးကြောင်းပဲတဲ့။ အခုသူ့အမကို သူမက ဆဲဆိုသည့်အတွက် ဆိုပြီး အမှုပြန်ဖွင့်ထားတယ်။ ကျွန်တော်နဲ့တွေ့တဲ့နေ့က အာမခံလာယူကြတယ် ပေါ့။ ကျွန်တော်တို့နှစ်ယောက် စကားပြောနေတုံးမှာပဲ ရဲသားလေးတစ်ယောက်က တရားသူကြီးအတွက် နည်းနည်းပါးပါးတော့ ပေးရမယ်တဲ့။ ဟာ . . .ဗျာ . . . အာမခံ ရတဲ့အမှုကို ဘာလို့ပေးရမှာလဲဆိုတော့ ရဲသား လေးက ခေါင်းကုတ်ပြီး အတင်းစွဲခေါ်သွားလေရဲ့ဗျာ။ ဒီလောက်ကိစ္စလေးကို ဘာလို့သာဓကလာထိုးနေလဲလို့တော့ မမေးပါနဲ့။ နေ့စဉ်နဲ့အမျှ တရားရုံးတွေမှာ မကုန်သင့်ပဲ ကုန်ကျနေကြရတာတွေမှ တပုံတခေါင်းပါပဲ။ သိန်းဆယ်ချီ ၊ ရာချီ တရားခံက တရားလိုဖြစ်၊ သက်သေက တရားခံဖြစ်၊ တရားခံက ဇိမ်နဲ့မိန့်မိန့်နေရတဲ့ အဖြစ်တွေ အများကြီးပါဗျာ။

သာဓကတွေ အသာနားပြီး ရှေ့နောက်ဆီလျော်မှုရှိအောင် ပြန်ဆက်ကြည့်ရအောင်ဗျာ။ အရင်တုန်းက အထက်က ခိုးတယ်ဆိုတဲ့ကိစ္စတွေ။ အများစုကတော့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လက်ထဲက နှိုက်ယူတာ မဟုတ်ဘဲနဲ့ အများဆိုင်တွေကို ကိုယ်ပိုင်လုပ်ယူသွားကြတော့ဗျာ။ အခုလက်တလောဖြစ်စဉ်တွေကတော့ ထမင်းလုပ်ကို ပုတ်ချတာဖြစ်တဲ့အတွက် သည်းခံလို့ မရဘူးလို့ ကျွန်တော့်ဆရာသမားက ပြောဖူးတယ်ဗျ။ အရင်တုန်းက အထက်ကလူတွေ ဟီးဟီးထ ရယူနေတဲ့အချိန်မှာလည်း ကျွန်တော် အထက်က ပြောခဲ့တဲ့ အောက်ခြေတွေရဲ့ အကျင့်က ထိုနည်းလည်းကောင်းပါပဲ။ အခုနောက်ပိုင်း အထက်ကလူတွေ ကုန်လုကုန်ခင် ဖြစ်သွားချိန် ပြင်ဆင်သွားကြချိန်မှာ အောက်ကလူတွေက ထိုနည်း၎င်းကို ပြင်လို့မရသေးဘူးဖြစ်နေတာက ထမင်းလုပ်ပုတ်ချတာမျိုး ဖြစ်နေတဲ့အတွက် အတော်ကို အခံရခက်နေဆဲပါ။

သူတို့တစ်ဦးချင်းစီကို အပြစ်ဖို့နေမယ့်အစား အဲဒီလိုတွေ မဖြစ်အောင် ထိန်းသိမ်းရမယ့် တာဝန်က ရှိလာပြီ။ တဖြည်းဖြည်းနဲ့ ဥပဒေတွေကလည်း များလာပါပြီ။ ဘယ်ကိစ္စဘယ်အရေးမဆို တားဆီးကာကွယ်ပေးရ မယ့်ကိစ္စအတွက် ဥပဒေတွေပေါ်ပေါက်လာမှာပါ။ အထက်က ဆိုခဲ့တဲ့ ကိစ္စတွေမှာဆိုရင်လည်း အဂတိလိုက်စား မှု တိုက်ဖျက်ရေးဥပဒေထဲမှာ အကြုံးဝင်သွားမှာပါ။ နိုင်ငံတော်အကြီးအကဲတွေကလည်း ပြောတယ်။ အထက်က မကောင်းကြောင်းထည့်ပြောခဲ့တဲ့ စခန်းမှူးကြီးကလည်း ကျုပ်တို့ကတော့ ဥပဒေတစ်ရပ်ထုတ်ပြန်ပြီးရင် အများပြည်သူအနေနဲ့ ဒီဥပဒေကို သိကိုသိရမယ်လို့ သတ်မှတ်တယ်။ သိပြီးပြီလို့ သတ်မှတ်တယ်။ ကျွန်တော့် ဆရာမတစ်ယောက်ကလည်း ရှင့်နဲ့ခြံချင်းကပ်အိမ်ကို ပဲမေးကြည့်ပါဦး။ ကျေးလတ်ဒေသမှာနေတဲ့ ပြည်သူတွေဆို အဲဒီထက်ပိုဝေးတာပေါ့လို့ ပြန်ပြီး သံတော်ဦးတင်ရတယ်။ သတ်မှတ်တဲ့သူကလည်း သတ်မှတ် တဲ့အပိုင်းပေါ့။ သိတဲ့သူကလည်း သိတဲ့အပိုင်းပေါ့။ အများပြည်သူအနေနဲ့ ဥပဒေတွေကို သိအောင်လုပ်ရမှာ တော့ အမှန်ပဲ။ သိတဲ့သူတွေက ပြောဆိုရှင်းလင်းပြရင် နာယူမှတ်သားကြဖို့ တာဝန်လဲရှိတယ်။ အသက်တစ်ရာ မနေရပေသည့် အမှုတစ်ရာပွေရသည်ဆိုတဲ့ ဆိုစကားလည်း ရှိထားကြတယ်လေ။ အရေးကြုံလို့ ကိုယ်တိုင် အမှုအခင်းတွေ ကြုံလာတဲ့အခါမှာ ကိုယ်ခံစားခွင့်ရှိတဲ့ ဥပဒေလမ်းကြောင်းကို ခံစားရရဲ့လား။ မလိမ့်တပတ် အလုပ်ခံနေရလား။ မလိုလားအပ်ဘဲ ငွေကြေးတွေ အများကြီး အကုန်ကျခံနေရလား။ ဒါတွေကို ကိုယ်တိုင် စိစစ် တွေ့ရှိ၍သော်လည်းကောင်း ၊ တတ်သိနားလည်သူ ရှေ့နေတွေကသော် လည်းကောင်း ပြောဆိုလာရင် သက်ဆိုင်ရာ အကြီးအကဲတွေကို ရှင်းလင်းဆောင်ရွက်ပေးဖို့ တင်ပြကြမယ်ဗျာ။ နောက်တစ်ခုက လိုအပ်ရင် ဆန္ဒပြရတယ်ဆိုတာက အားတိုင်းယားတိုင်း ဆန္ဒပြဖို့ ပြောတာတော့ မဟုတ်ဘူးဗျ။ ဘယ်သူမဆို ကိုယ့်အိမ် ကိုယ့်စီးပွား သာတောင့် သာယာနေချင်ကြသူတွေချည်းပဲ။ ကျွန်တော်တို့တွေမှာ ဥပဒေပါ အခွင့်အရေးကို ခံစား ခွင့်မရဘူး။ မလိမ့်တပတ်အလုပ်ခံနေရပါတယ်ဆိုတာကို တင်ပြပါလျှက်နဲ့ ဖြေရှင်းဆောင်ရွက်မပေးဘူးဆိုခဲ့ရင် အပင်ပန်းခံပြီး ဆန္ဒပြတဲ့အလုပ်ကို ကိုယ်တစ်ယောက်တည်း လုပ်သင့်ရင်လည်း လုပ်ကြရမှာပဲ။

မတရားမှု တစ်ခုကို ဖော်ထုတ်ပြီဆိုရင် ရေငုံနှုတ်ပိတ် လက်သိပ်ထိုး လုပ်တာထက် အများပြည်သူ သိအောင်လုပ်လိုက်ရင် အဆင့်တစ်ခု ပြီးသွားသလိုပါပဲ။ ကျွန်တော့်စာထဲမှာ ၀န်ထမ်းတွေမကောင်းကြောင်း အနည်းငယ်ပါတယ်ပေါ့။ ယခင်တုန်းက သူခိုးကြိး တွေ ၊ ယခု သူခိုးလေးတွေ ဂျိုကြွ ကြမ်းပိုးတွေ ရွတဲ့တိုင်းပြည်ဆိုတော့ ခေါင်းစဉ်မှာကိုက အတော်ရင့်သီးနေပြီ။ အဲဒါ ရင်ထဲမှာ ဒေါသတွေ ကိန်းအောင်းနေလို့ ဖြေချလိုက်ခြင်း တစ်မျိုးပါပဲ။ ၀န်ထမ်းတစ်ယောက် မဖြစ်ဘူးပဲ ၀န်ထမ်းတွေကို အပုတ်ချတယ်ဆိုတော့ကာ မင်းကို ရာထူးကြီးတစ်နေရာပေးမယ်ကွာ . . . အခုမင်းပြောသလို ဖောက်ပြန်မှားယွင်းစွာ မဆောင်ရွက်ပါဘူးလို့ မင်းအာမခံမလားလို့ မေးရင် အာမခံဘူးဗျာ။ လွယ်ရင် သူကြွယ် တောင်ခိုးတယ်ဆိုတဲ့ စကားက ရှိတယ်ဗျာ။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ အာမခံသလို ဘယ်သူမှလည်း အာမခံနိုင်လို့ အခုတင်ပြခဲ့သလို ဖြစ်နေကြတာပါ။ အစဉ်အလာတွေဖြစ်ပြီး ပေးကိုပေးရမှာ ၊ မပေးလို့ကို မရဘူး ဆိုတာတွေက ဥပဒေစည်းမျဉ်းစည်းကမ်းတွေထဲမှာတော့ တစ်ခုမှ မပါဘူးဗျာ။

 အဲဒီတော့ ဥပဒေစိုးမိုးရေးကို လေသံကောင်းလေး လွှင့်ရုံလွှင့်တာလည်း ကျေးဇူးတင်ပါတယ်။ အများ ပြည်သူက ဥပဒေပါအခွင့်အရေးတွေ မခံစားရလို့ ၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိလို့ ၊ မမှန်မကန် ဆုံးဖြတ် ဆောင်ရွက်မှုတွေ လုပ်လို့ တင်ပြတိုင်ကြားလာတာမျိုးတွေကို ရှေးယခင်လို အမှိုက်ပုံးထဲ ထည့်တယ်ဆိုတာမျိုး၊ လူကြီးမသိအောင် ဖျက်ဆီးပစ်တယ်ဆိုတာမျိုးတွေ မလုပ်ကြဘဲ တိတိကျကျ စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ၀န်ထမ်းကြီးငယ်အသွယ်သွယ် တစ်ယောက်နဲ့တစ်ယောက် အလွန်အမင်းဖေမတာမျိုး တွေလျှော့ချရပါမယ်။ ပြည်သူ့မျက်နှာကိုလည်း ကြည့်ဖို့လိုပါတယ်။ ပြည်သူယုံကြည်ကိုးစားလောက်တဲ့ ဒီမိုကရေစီစနစ် ထွန်းကာလာဖို့ ပြည်သူ့အသံတွေ လမ်းပေါ်ထွက် ဆန္ဒမပြခင် အရေးတယူ ဆောင်ရွက် တာမျိုးနဲ့ ပြည်သူ့ဒုက္ခ ကို စာနာကြဖို့ ဒေါသပွားနေသော်ငြား မေတ္တာထားနိုင်ကြဖို့ ရေးသားလိုက်ရခြင်းသာ . . . ဖြစ်လေတော့ သည်။

 နောင်တော်လေး (ဘိုကလေး)

0 comments:

Post a Comment