နိဒါန်း
ရန်ကုန် - နေပြည်တော် ခရီးစဉ်ကို စီးနင်းလိုက်ပါရင်း တခဏတာ အိပ်ပျော်သွားခဲ့ပါတယ်။ မှောင်နဲ့မဲမဲ ကားထဲမှာ တစ်ရေးနိုးပြီး ဘယ်လိုမှ အိပ်မရတော့တာကြောင့် အတွေးစိတ်ကူးတွေ ဖြန့်ကျက်လာမိတယ်။ ကိုယ့်မိသားစုအရေး ၊ ကိုယ့်အရေးရယ်လို့ မဟုတ်ဘဲ တိုင်းရေးပြည်မှု ကိစ္စတွေမှာ ဘာတွေကို ဘယ်လို ပြင်ဆင်ရင် ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာမလဲဆိုတဲ့ အတွေးတွေပါ။ ငါကိုယ်တိုင် လုပ်နိုင်မှ ဆိုတာထက် ငါတို့ကို စီမံခန့်ခွဲနေသူတွေ ငါစိတ်ကူးပုံဖော်သလိုများ လုပ်ကြရင်ဖြင့် ကောင်းလေစွ ဆိုတဲ့ အတွေးနဲ့ပါ။ ငါကိုယ်တိုင် သမ္မတကြီးဖြစ်မှ ငါကိုယ်တိုင် ဘယ်နေရာကို ရောက်မှ ဆိုတဲ့အတွေးမျိုး မဟုတ်ဘဲ စီမံခန့်ခွဲနိုင်စွမ်း ရှိသူတွေ ၊ စီမံခန့်ခွဲနေသူတွေ ဒီကိစ္စမှာဖြင့် ဒီလိုလုပ်ရင် ကောင်းလေစွ ၊ ဟိုကိစ္စမှာတော့ဖြင့် ဟိုလိုလုပ်ရင် ကောင်းလေစွ။ ကိုယ့်စိတ်ကူးထဲမှာ လွဲချော်နေတာလေးတွေကို စဉ်းစားပြီး ပြင်ဆင် သွားစေချင်တဲ့ အချက်လေးတွေပေါ့။
အသက်သွေးကြော ဧရာဝတီ
တစ်ရေးနိုးသော် အကြံပေါ်လို့ ဆိုရမလား။ ကျွန်တော့် အတွေးထဲမှာ ပထမဆုံး ထိန်းသိမ်းစောင့် ရှောက်မှု အပိုင်းနဲ့ ပတ်သက်ပြီး ဒီမြစ်ဧရာကို အရှည်သဖြင့် တည်တံ့အောင် ဘယ်လိုထိန်းသိမ်းမလဲ။ ဒီမြစ်ကြီး ရဲ့ ကမ်းပါးတွေဟာလည်း စက္ကန့်မလပ် ဆိုသလို တဖြုတ်ဖြုတ် ကြွေကျနေတယ်။ ဒီမြစ်ကြီးကို အမှီပြုပြီး ရွာတည်ထားတဲ့ ကျေးရွာလေးတွေမှာလည်း ကမ်းပါးတိုက်စားမှုဒဏ်ကြောင့် ပြောင်းရွှေ့ပြေးခဲ့ကြရတာတွေ များပြီ။ မြစ်ကြောင်းပြောင်းလဲလာမှုအခြေအနေကလည်း အံ့မခန်း ဆိုသလိုပါပဲ။ တစ်ချို့နေရာတွေမှာ တိမ်ကော မှုဖြစ်နေတဲ့ အပိုင်းတွေကိုလည်း မြင်တွေ့ရမယ်။ ဒီမြစ်ကြီးကို အခြေတည်ပြီး ဖြစ်တည်လာတဲ့ မြန်မာ့ သမိုင်းကို ထောက်ထားပြီး ဒီမြစ်ကြီး နောင်နှစ်ပေါင်းများစွာ အရှည်သဖြင့် တည်တံ့အောင် ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းတွေ လိုအပ်မလဲ။ ကျွန်တော့်အနေနဲ့ လုပ်ချင်တာဆိုရင် မြန်မာပြည်မြောက်ပိုင်း ဧရာဝတီမြစ်ဖျားကနေ စပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်အဆုံး ဧရာဝတီ စစ်တမ်းတစ်ခု ပြုစုရေးသား ချင်စိတ်ဖြစ်ပေါ်လာတယ်။ ဧရာဝတီ စစ်တမ်း ကောက်ယူရေး အဖွဲ့မှာ သတင်းသမားတွေလည်း ပါမယ်။ သဘာဝပညာရှင်တွေလည်း ပါမယ်။ ရေကြောင်း ဆိုင်ရာ ပညာရှင်တွေလည်း ပါမယ်။ ပြုပြင်ထိန်းသိမ်းမှုအပိုင်းဆိုင်ရာ အင်ဂျင်နီယာတွေလည်း ပါမယ်။ အဲဒီအဖွဲ့ အနေနဲ့ မြစ်ဖျားကနေ စပြီး ပြုပြင်သင့်တဲ့အပိုင်းက မြင်တာတွေကိုပြောမယ်။ ထိန်းသိမ်းသင့်တဲ့ အပိုင်းက မြင်တာတွေကို မှတ်တမ်းတင်မယ်။ ကျေးရွာလေးတွေ တည်ရှိနေမှုကအစ ဒီမြစ်ကြီးပေါ်မှာ ဘယ်လို အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက်နေကြတယ် ဆိုတာကို မှတ်တမ်းတင်မယ်။ မြစ်ကမ်းပါး တိုက်စားမှုတွေ ကြောင့် သူတို့တွေ ပြောင်းရွှေ့ပြေးခဲ့ရတဲ့ သမိုင်းစဉ်တွေကို မှတ်သားပြီး ဘယ်လိုထိန်းသိမ်းမှုမျိုး လုပ်ဆောင် ပေးသင့်တယ်ဆိုတာတွေကိုပါ ကောက်ချက်ချ နိုင်မယ်။ ဒီစစ်တမ်းကြီးကိုမှ နိုင်ငံတော် ကို စီမံကွပ်ကဲ အုပ်ချုပ်နေသူတွေ လက်ထဲအပ်ပြီး နိုင်ငံတော်ဘဏ္ဍာထဲက အစိတ်အပိုင်းတစ်ခုကို ထုတ်နှုတ်ပြီး မြစ်ဧရာ ထိန်းသိမ်းစောင့်ရေးကို ဆောင်ရွက်ကြဖို့ တိုက်တွန်းမယ်လို့ စိတ်ကူးရမိတယ်။
ဖော်ဆောင်ရမယ့် ပြည်ထောင်စု တပ်မတော်
မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး အကြောင်းကို တွေးမိပြန်တော့လည်း မြန်မာပြည်မှာ စစ်တပ်တွေများ နေတယ်။ ကချင်ကလည်း ကချင်တပ် ၊ ၀ ကလည်း ၀ တပ်။ ရှမ်းကလည်း ရှမ်းတပ်။ ပအိုဝ်းကလည်း ပအိုဝ်း တပ်။ မွန်ကလည်း မွန်တပ်။ ကရင်ကလည်း ကရင်တပ်။ တစ်နိုင်ငံလုံးကို အုပ်စိုးထားတဲ့ တပ်မတော်ကြီးက တစ်ထီးတစ်နန်းနဲ့ တိုင်းရင်းသားတပ်တွေက ဒီတပ်မတော် ကြီးနဲ့ မကြာမတင် ပစ်ကြ ၊ ခတ်ကြ လုပ်နေကြ ဆဲပဲ။ ပြန်ကြည့်လိုက်ရင် လူမျိုးတိုင်း လူမျိုးတိုင်းဟာ ကိုယ့်လူမျိုး ကောင်းစားရေး ဆောင်ရွက်လိုရင်း စိတ် အခြေခံကနေ ကိုယ့်လူမျိုးအကျိုး ကိုယ်တိုင် ဆောင်ရွက်ခွင့် မရကြတဲ့အခါမှာ အတိုက်အခံ အဖြစ်ဘက်ပြောင်း သွားပြီး တစ်နိုင်ငံလုံးကို အုပ်စိုးတဲ့ တပ်မတော်ကြီးဟာ သူတို့ရဲ့ ဘုံရန်သူအဖြစ် တည်ရှိခဲ့တာမဟုတ်လား။ အားလုံးဟာ တိုင်းရေးပြည်မှုမှာ တကယ်တန်း ထဲထဲဝင်ဝင် ဆောင်ရွက်လိုကြတယ်။ ကိုယ့်ပြည်နယ် ၊ ကိုယ့်လူမျိုးကို ကာကွယ်လိုရင်း အမှန်ဆိုတဲ့ စိတ်ဓာတ်တွေ ခိုင်ခိုင်မာမာ ရှိထားကြတာဆိုရင် ဒီတပ်တွေ အားလုံး စုပေါင်းပြီး ပြည်ထောင်စု တပ်မတော်ဆိုတာကို ဖွဲ့စည်းရမယ်။ တပ်မတော်ကြီး တစ်ခုတည်းက သုံးစွဲနေတဲ့ စစ်အသုံးစရိတ်တွေကို တိုင်းရင်းသားအဖွဲ့တွေအတွက်ပါ အချိုးကျ စစ်အသုံးစရိတ် ထုတ်ပေးတာမျိုး လုပ်ဆောင်ရမယ်။ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ တံဆိပ်တစ်ခု အောက်ကို အားလုံး ရောက်ရှိလာပြီ ဆိုတာနဲ့ ကချင်တပ်က စစ်သား ၊ ရှမ်းတပ်က စစ်သား ၊ မွန်တပ်က စစ်သား ၊ စစ်သားအားလုံးရဲ့ လစာရိက္ခာ ခံစားမှုဟာ အချိုးညီညီဖြစ်နေရမယ်။ အခြေခံကနေစပြီး ဗိုလ်ကြီး အဆင့်ထိမှာ ကွဲပြားမှုမရှိ အားလုံး တပြေးညီခံစားကြရမယ်။ ဒီလိုဖွဲ့စည်းလိုက်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ တိုင်းပြည်တွင်း စစ်ရေးပဋိပက္ခဆိုတာ လုံးဝမရှိတော့ဘဲ တိုင်းတပါးက ကျူးကျော်လာမယ့် ရန်စွယ် အန္တရာယ်အပေါင်းကို ကာကွယ်တဲ့နေရာမှာ ပိုပြီး အင်အား တောင့်တင်းလာလိမ့်မယ်။ နောက်တစ်ချက်က အရွယ်ရောက်ပြီးသူတိုင်း စစ်ပညာတတ်မြောက်ရေး တစ်နှစ်သင်တန်းတွေ ပေးရမယ်။ အထက်တန်း ပညာရေး အဆင့် အောင်မြင်ပြီးချိန် (သို့) အသက် ၁၈နှစ် ပြည့်ပြီးချိန်မှာ တစ်နှစ်တာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်သင်းတန်း တစ်နှစ်တာ မသင်မဖြစ် သင်ကြားပေးထားကြရမယ်။ လိုအပ် တဲ့အချိန်မှာ အားလုံးက အဆင်သင့်ဖြင့်နေအောင် အစီအစဉ်တကျ ပြင်ဆင်ထားခြင်း သက်သက်ပဲ။ ဒီလို စစ်သင်တန်း တက်ရောက်သင်ကြားရင် တိုင်းပြည်ကာကွယ်ရေးတပ်တွေမှာ ၀င်ရောက်အမှုထမ်းလိုကလည်း ထမ်းစေ။ မိမိတို့ရဲ့ ပညာအရည်အချင်းအရ မိမိတို့ နှစ်သက်ရာလမ်းကို ရွေးလိုကလည်း ရွေးစေ။ တစ်နှစ်တာက တော့ အရွယ်ရောက်ပြီးသူတိုင်းအတွက် မဖြစ်အနေ သင်တန်းတက်ရမယ့်ကာလပဲ ဖြစ်တယ်။ ဒီအချိန်မှာ နိုင်ငံတော်အနေနဲ့က သင်တန်းသားတွေကို လစာရိက္ခာပေးရမှာ ဖြစ်သလို ထူးချွန်ထက်မြက်မှု ရှိတဲ့ လူငယ်တွေကို နိုင်ငံတော် အကျိုးအလို့ငှာ ဆွေးနွေးညှိနှိုင်းပြီး နေရာပေးသွားကြမှာ ဖြစ်ပါတယ်။
တရားစီရင်ရေး အလွန်နှေး
တိုင်းပြည်တစ်ခု တည်ငြိမ်အေးချမ်းမှု ရှိဖို့ အဓိက လိုအပ်တဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာ တရားသူကြီး နဲ့ နှစ်ဖက်သော ရှေ့နေတွေ လက်ဝါးချင်းရိုက်ပြီး အပစ်မရှိသူကို ထောင်ချ။ အပစ်ရှိသူကို လွှတ်ပေး လုပ်နေတဲ့အမှုတွေ ဖော်ထုတ်နိုင်အောင် တရားသူကြီးတွေကို အမြဲမပြတ် စောင့်ကြည့်နေမယ့် မျက်လုံးတွေ တပ်ဆင်ထားရမယ်။ ဥပဒေကိုလျစ်လျှူရှုပြီး မကျသင့်တဲ့ ကိစ္စကို ကျအောင်ချမယ်ဆိုတဲ့ စွဲချတွေ ရဲ့ ငွေမျက်နှာအပေါ် ကြည့်ပြီး လုပ်ကိုင်ဆောင်ရွက်တဲ့အချက်တွေကိုလည်း ဖော်ထုတ်အရေးယူသွားရမယ်။ တရားရုံးတွေရဲ့ အဆင့်အတန်းကို မြင့်တင်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးအဖြစ် အတိ အကျ ပုံပေါ်တဲ့အနေနဲ့ အမှုသွားအမှုလာပုံစံတွေကို အများပြည်သူအနေနဲ့ လေ့လာနိုင်အောင် ၊ စစ်ဆေး ဆောင်ရွက်တဲ့ အပိုင်းတွေကို လူထုပရိတ်သက်အနေနဲ့ တက်ရောက် နားဆင် ဝေဖန်ချက်ပေးနိုင်အောင် ဆောင်ရွက်ရမယ်။ အမှုတစ်ခုကို မရှည်ကြာသင့်ဘဲ ရှည်ကြာအောင် အချိန်စွဲပြီး ငွေမရှိတဲ့သူအတွက် နစ်သထက်နစ် ဒုက္ခရောက်သထက် ရောက်အောင် ဆောင်ရွက်တာမျိုးတွေ လျှော့ချနိုင်အောင်နဲ့ အမှုသွား အမှုလာအပေါ်မူတည်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မယ့် တရားရေး စနစ်တစ်ရပ်ကို ကျင့်သုံးရပါမယ်။ နိဂုံး လိုအပ်ချက်တွေ အများကြီး ရှိနေသေးတဲ့ နိုင်ငံတော်အတွက် အကောင်းဆုံးကို စိတ်ကူးပုံဖော်ပြီး တည်ဆောက်ကြည့်ချင်ပါတယ်။ ကိုယ်တွေအနေနဲ့ အကြံပြုတာမျိုးမှအပ လက်တွေ့လုပ်ဆောင်နိုင်မယ့်အပိုင်း က သေးသေးလေးရယ်။ လုပ်ခွင့်ရမယ်ဆိုရင်တော့ အဲဒီသေးသေးနေရာတွေကနေ ပါဝင်ပြီး လုပ်ဆောင်သွား ချင်ပါတယ်။ ကျွန်တော်တို့တွေရဲ့ သေးသေးလေး တင်ပြမှုတွေအပေါ် ဌာနဆိုင်ရာတွေ စီမံခန့်ခွဲသူတွေက စဉ်းစားသုံးသပ်ပြီး တိုင်းပြည်အနာဂတ်အတွက် ဖော်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေ မှန်နေရင် အမှန်တကယ် ဖော်ဆောင် တာမျိုး ၊ အရေးတယူ လုပ်ကိုင်ဆောင်ရွက်ကြတာမျိုး ရှိတယ်ဆိုရင် ကျွန်တော်တို့ စိတ်ကူးနဲ့ တည်ဆောက်တဲ့ နိုင်ငံတော်ဟာ လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့အပိုင်းမှာလည်း သူ့အစွဲကိုယ့် အစွဲတွေကိုလျှော့ပြီး မနှေးအမြန် ဖော်ဆောင်လာကြမယ်ဆိုရင် သာယာလှပတဲ့ အနာဂတ် နိုင်ငံတော်သစ် ဆီသို့ ပေါ့ဗျာ . . . .။
နောင်တော်လေး (ဘိုကလေး)

0 comments:
Post a Comment