Download

10:09 AM
0

၁၁ - ၁၂ - ၂၀၁၃ ရက်နေ့တွင် ပဒေသရာဇာ် စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သော ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၄)နှစ်မြောက် လူထုစည်းဝေးပွဲကို ဘာသာရေး အသင်း အဖွဲ့များ ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ ၊ ရှေ့များ တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း (ရလလဖ) ထုတ်ပြန် ကြေညာချက်အရ သိရသည်။

အဆိုပါအစည်းအဝေးပွဲမှ အချက်(၈)ချက်ပါ ထုတ်ပြန်ကြေညာချက်တွင် -

 (၁) ယနေ့တိုင်းပြည်တွင် အလုပ်သမားများ လုပ်ခလစာမလုံလောက်မှု ၊ အလုပ်ခွင် အာမခံချက်မရှိမှု ၊ အလုပ်သမားရဲ့ နိုင်ငံရေး၊ လူမှုရေးနှင့် အလုပ်ခွင် အကာအကွယ်မဲ့မှု စသည့် ဆုံးရှုံးနစ်နာမှုများအပေါ် အလုပ်သမားများရဲ့ ဆန္ဒပြ ထုတ်ဖော်တောင်းဆိုမှုများကို ကျွန်ုပ်တို့ ထောက်ခံအားပေးပါသည်။

 (၂) လူမျိုးပေါင်းစုံ တောင်သူလယ်သမားများနှင့် လူထုများရဲ့ လယ်ယာမြေနှင့် အခြားမြေများ ၊ ရပ်ရွာအိုးအိမ် များကို မတရားသိမ်းဆည်းခံရမှုအပေါ် တောင်သူလယ်သမားများနှင့် လူထုများက ကန့်ကွက်ဆန္ဒပြခြင်းများကို ကျွန်ုပ်တို့ ထောက်ခံအားပေးပါသည်။

 (၃) ပြည်နယ်တိုင်းရင်းသားဒေသများသို့ စစ်ပွဲဆင်နွှဲနေခြင်းကို ကန့်ကွက်ရှုံချပါသည်။ စစ်ပြေးဒုက္ခသည်များ အပေါ်များစွာ စာနာမိပါသည်။ အစိုးရမှ ထောက်ပံ့ကူညီမှုများကို လုံလောက်စွာ အမြန်ပေးရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။

 (၄) ဒေသနယ်ပယ်အသီးသီးရှိ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းပြည်ပ (ဦးပိုင်)အပါအ၀င် ကုမ္ပဏီများနှင့် သယံဇာတ အရင်းအမြစ်များ ထုတ်ယူမှု စီမံကိန်းများသည် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဒေသခံ ပြည်သူလူထုများ၏ သဘောတူညီမှုအရသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွန်ုပ်တို့ တောင်းဆိုလိုက် သည်။

 (၅) နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရန်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို တားဆီးပိတ် ပင်သော ပုဒ်မ(၁၈)ကို ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထောင်ချမှု၊ တရားစွဲဆိုနေမှုများကို ကန့်ကွက်ရှုံချသည်။ တရားမျှတမှုမရှိသော ဥပဒေ အမိန့် စည်းကမ်းများနှင့် မတရားအသင်းကြေညာချက် ပုဒ်မ(၁၇)ကို ရုပ်သိမ်းရန်၊ လိုရင်လိုသလို ဆွဲယူကျင့်သုံးပြီး ပုဒ်မ ၅၀၅(ခ) အမည်တပ် ဖမ်းဆီးထောင်ချနေမှုများကို ကျွန်ုပ်တို့ ဆန့်ကျင် ကန့်ကွက်သည်။

 (၆) ယနေ့ မြန်မာပြည်တွင် အထွေထွေနိုင်ငံရေး ဆုံချက်ကြီးတစ်ခု အခြေအနေသို့ ရောက်ရှိနေသည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ အဓိကအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး အသစ်ရေးစွဲရေး ဖြစ်ပါသည်။ ၎င်းအထဲတွင် ပုဒ်မ(၉၅၁)အရ သမ္မတအရွေးခံခွင့် ပြဿနာ၊ ဗမာတပ်မတော်ရဲ့ ၂၅% လွှတ်တော်တွင် နေရာယူမှု ပြဿနာ၊ ဖဒရယ်ဖွဲ့စည်ေးရး ပုံဏ္ဍာန်ပြဿနာ ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်းများ တည်ရှိရေးနှင့် ၎င်းတို့၏ လက်နက်ကိုင်တပ်များ တည်ရှိရေး၊ ကိုယ်ပိုင်ပြဌာန်းချက်အရ နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး အရ စီမံခန့်ခွဲခွင့် စသည့် အထွေထွေပြဿနာများ ရှိနေပါသည်။ တိုင်းရင်းသားလူမျိုး(ဗမာအပါအ၀င်)များသည် ကိုယ့်အမျိုးသား ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဒေသ လောက်သာဖွဲ့ပြီး ပိုင်းပြီး ခြားပြီး အခွင့်အရေး အကျိုးစီးပွားပြေလည်စေမှု စသည့် ကျဥ်းမြောင်းသော တွေးခေါ်မှုမျိုးဖြင့် ပြဿနာများကို ချည်းကပ်ဖြေရှင်းခြင်းအမှုကို မပြုမိကြရန် အထူးသတိပြုကြရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။

 (၇) စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖဒရယ်ပြည်ထောင်စု စနစ်ကို ကျွန်ုပ်တို့ လိုလား တောင်းဆိုပါသည်။ အရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားရေး သွေးစည်းညီညွတ်ရေး တည်ရှိရန် တရားမျှတမှု ၊ တန်းတူ မှု ၊ အပြန်အလှန်လေးစားမှု ၊ လွတ်လပ်မှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိဖို့လိုပါသည်။ လက်တွေ့အခိုင်အမာအားဖြင့် ဖဒရယ်ပြည်ထောင်စုများတွင် နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ တရားရေး ၊ အမျိုးသားကာကွယ်ရေး ၊ လုံခြုံရေး ၊ စီးပွားရေး နှင့် လူမှုရေးတို့တွင် တိုင်းရင်းသားများသည် ထိုက်တန်မှုလည်း ရှိ၊ အခြေအနေနှင့်လည်း ကိုက်ညီသော အဆင့်နေရာ အခန်းကဏ္ဍများတွင် တကယ်တမ်း လွတ်လပ်စွာ ခေါင်းဆောင် စီမံဆောင်ရွက်ပိုင်ခွင့် ရှိစေရပါမည်။

 (၈) ဤလိုလားချက် ရည်မှန်းချက်သည် (ဗမာ အပါအ၀င်) တိုင်းရင်းသားအားလုံး၏ ဘုံလိုလားချက် ဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ဤ ဘုံလိုလားချက် ၊ ရည်မှန်းချက်များ အသေးစိတ် ရေးစွဲချမှတ်နိုင်ရန် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ပြီး ဖိအားပေးမှု ၊ ချုပ်ကိုင်မှု ကင်းပြီး လွတ်လပ်ပွင့်လင်းမှုရှိသော အမျိုးသားသွေး စည်းညီညွှတ်ရေး အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပပြီး ဆွေးနွေးဆုံးဖြတ်ကြရန် ဤလူထုအစည်းအဝေး မှ တိုက်တွန်းကြေညာသည်။
ဟု ဖော်ပြရှိပါသည်။

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၄)နှစ်မြောက် လူထုစည်းဝေး ပွဲကို ရှမ်းပြည်မျိုးဆက်အင်အားစုမှ သ၀ဏ်လွှာပေးပို့ဂုဏ်ပြုခဲ့ပြီး သ၀ဏ်လွှာတွင် “ယနေ့အထိ မပြီးဆုံးသေး သော ပဒေသရာဇ်ဆန့်ကျင်ရေး ၊ အာဏာရှင်အစိုးရကို တော်လှန်နေသော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ အောင်ပွဲဝင်နိုင်ပါစေဟု တောင်းဆုခြွေအပ်ပါသည်။” ဟု ဖော်ပြပါရှိသည်။ ပြည်သူ့ဟစ်တိုင်

0 comments:

Post a Comment